ရန်ကုန် နိုဝင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ၂၀၂၀ ခုနှစ် မိုးစပါးဧကပေါင်း ၄၆၈၄၈ စိုက်ပျိုးထားရှိပြီး ၁၃၀၀၆ ဧက ရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧကလျှင် ၆၄.၆၃ တင်း အထွက်နှုန်း ရရှိခဲ့ကြောင်း၊ သက်တန့်ရောင်စီမံချက်ဖြင့် အခမဲ့ ထောက်ပံ့ပေးအပ်သည့် စူပါနှံကောက်မျိုးစပါး ဧက ၅၀၀ အား ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင် ၈၂.၅၀ တင်း ထွက်ရှိ၍ အထွကနှုန်းကောင်းမွန်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဒလမြို့နယ်အတွင်း မိုးစပါးသီးနှံစံကွက်များ စတင်ရိတ်သိမ်းလျက်ရှိရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ ရွေလှေချောင် ကျေးရွာရှိ စူပါနှံကောက်စပါးမျိုးအား ၀.၁၀ ဧကကွက်ကို စက်ဖြင့် ရိတ်သိမ်းခဲ့ရာ အထွက်နှုန်း ၈၂.၅၉ တင်းဖြင့် လည်းကောင်း၊ ညောင်ငုတ္တိုလ်ကျေးရွာရှိ ဘေးကြားတောင်ပျံ စပါးမျိုးအား ၆.၆ ပေ စံကွက်ရိတ်သိမ်းခဲ့ရာ ၇၀.၉၈ တင်းဖြင့် လည်းကောင်း အထွက်နှုန်းကောင်းမွန်ကြောင်းသိရသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သက်တန့်ရောင် စီမံချက်အစီအစဉ်ဖြင့် ဒလမြို့နယ်ရှိ ကျေးရွာ အုပ်စု ၁၇ အုပ်စုရှိ တောင်သူဦးရေ ၁၀၀ ကျော်တို့ရှိ ဧက ၅၀၀ အတွက် တစ်ဧကလျှင် ၁ တင်းခွဲနှုန်းဖြင့် အခမဲ့ထောက်ပံ့ ပေးအပ်ခဲ့သည့် စူပါနှံကောက်မျိုးစပါးများ စိုက်ပျိုးထုတ်လုပ်သည့် ဧက ၅၀၀ ကို ရိတ်သိမ်း ဆောင်ရွက်ပြီးစီးခဲ့ရာ တစ်ဧကလျှင် ၈၂.၅၀ တင်းခန့် ထွက်ရှိ၍ အထွက်နှုန်းကောင်းမွန်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးသူက ပြောကြားခဲ့သည်။
နိုင်လင်းကျော်(ဒလ)