သရက်မြို့၌ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရန် ကွင်းဆင်းစစ်ဆေး

သရက် နိုဝင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချ နိုင်ရန်အတွက်  သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့ နံနက် (၉) နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်မြို့အတွင်းဖွင့်လှစ်ရောင်းချလျက်ရှိသော လက်ဖက် ရည်ဆိုင်နှင့် စားသောက်ဆိုင်များ၌ စားသုံးသူများကို အပူချိန်တိုင်းတာခြင်း၊ လက်ဆေးရန်နေရာ များဆောင်ရွက်ထားခြင်း၊ လေဝင်လေထွက်ကောင်းမွန်စေခြင်း၊ လေအေးပေးစက် တပ်ဆင်ထားပါ က တံခါးများဖွင့်ထားခြင်း၊ တစ်ဦးနှင့် တစ်ဦးကြားတွင် ကာရံပေးထားခြင်း၊ (၅) ဦးထက်မပိုသော မိသားစုဖြစ်ပါက အတူစားသောက်နိုင်ရန်စီစဉ်ပေးခြင်း၊ ပိုးသတ်ထားသော ပန်းကန်၊ ဇွန်းများ စီစဉ် ထားရှိခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ပတ်သက်သည့်အသိပညာပေး ပိုစတာ၊ ဗီနိုင်းများ ကပ်ထားခြင်းများ စီစဉ်ထားရှိနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့မှ သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သရက်မြို့ရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခွင့်မပြု ဘဲ (Take away) စနစ်ဖြင့်သာ ရောင်းချရန်ညွှန်ကြားထားပြီး ယခုအခါ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသော သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်သွား ရန်နှင့် လိုက်နာဆောင်ရွက်ပြီးစီးမှုများအား ထပ်မံ စစ်ဆေး၍ သတ်မှတ်စည်းကမ်းချက်များကို လိုက်နာမှုရှိမှသာ ဖွင့်လှစ်ရောင်းချခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း (အောင်လံ)