အင်းစိန် ဇန်နဝါရီ ၈
အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများနှင့် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉နာရီက အင်းစိန်မြို့နယ် ခန်းမကြီး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က မြို့နယ်လူထုနှင့်တွေ့ဆုံပွဲ ကျင်းပရခြင်းအကြောင်း ပြောကြားပြီး အင်းစိန် အမှတ် -၂ မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဒေသဖွံဖြိုးရေး ဆောင်ရွက်ချက် များနှင့် ပက်သက်၍ ဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နော်လှလှစိုး၊ အင်းစိန် အမှတ်-၁ မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသာအောင်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဒေါ်နန့်စုရွှေစင် တို့က အင်းစိန်မြို့နယ်အတွင်း ဒေသဖွံဖြိုးမှု ဆောင်ရွက်ချက်များနှင့် ဆောင်ရွက်ပြီးစီးသော လုပ်ငန်းများ အကြောင်း တင်ပြဆွေး နွေးခဲ့သည်။
ထို့နောက် ရွာမအနောက်ရပ်ကွက်၊ ရွာမရပ်ကွက်၊ ကမ်းနားအနောက်ရပ်ကွက်၊ မြို့သစ်(ဂ) ရပ်ကွက်၊ တောင်သူကုန်းရပ်ကွက်၊ စော်ဘွားကြီး ကုန်းရပ်ကွက်များမှ ဆက်သွယ်ရေးဖုန်းများ အကြောင်း၊ ကမ်းနားအနောက်ရပ်ကွက် ကသွယ်ချောင်းကိစ္စများ၊ လျှပ်စစ်မီးနှင့် ရပ်ကွက်များအတွင်းရှိ အမှိုက်များ သိမ်းဆည်းခြင်း၊ ရေမြောင်းရေလျှံခြင်း၊ ဖော့ကန်ရပ်ကွက် လမ်းဘေးစျေးသည်များကြောင့် ယာဉ်ပိတ်ဆို့ မှုများ၊ ဆေးခန်းဖွင့်လှစ်ရန်နှင့် စာကြည့်တိုက်ရန်ပုံငွေများ ရရှိရန်တို့ကို တက်ရောက်လာသည့် မြို့မိမြို့ဖ တို့က မေးမြန်းကြရာ မြို့မရဲစခန်းမှူး၊ ယာဉ်ထိန်းရဲအရာရှိ၊ လျှပ်စစ်မန်နေဂျာ၊ မြို့နယ်စည်ပင်၊ မြန်မာ့ဆက်သွယ်ရေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး တို့မှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ပြီး အခမ်းအနားကို နေ့လည် ၁နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မျိုးသန့်(ပြန်/ဆက်)