မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်နှင့် ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန် မြို့တွင်းလမ်းမီးတိုင်များအား LED မီးသီးများဖြင့် ပြောင်းလဲအစားထိုး တပ်ဆင် ဆောင်ရွက်

ပွင့်ဖြူ      နိုဝင်ဘာ        ၂၃


မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံး တို့ ပူးပေါင်းပြီး ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာလှပစေရန်နှင့် မြို့ပေါ်ရပ်ကွက် နေပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် နိုဝင်ဘာ ၂၃ ရက် ၊ ယနေ့ နံနက် ၉ နာရီက မြို့တွင်းရှိ လမ်းမီးတိုင်များအား LED မီးသီးများဖြင့် ပြောင်းလဲအစားထိုး တပ်ဆင်ခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့တွင်းရှိ လမ်းမီးတိုင်များအား LED မီးသီးများဖြင့် ပြောင်းလဲအစားထိုး တပ်ဆင်ခြင်းလုပ်ငန်းကို မြို့နယ် စည်ပင် သာယာရေးအဖွဲ့၏ သာမာန်အသုံးစရိတ်ရန်ပုံငွေမှ ငွေကျပ် သိန်း(၃၀)ဖြင့် (100 W) LED မီးသီး(၁၂)လုံး၊ (5၀ W)   LED မီးသီး (၅၃)လုံး စုစုပေါင်း LED မီးသီး (၆၅)လုံး ဝယ်ယူ၍ ပွင့်ဖြူမြို့၊ ဗိုလ်ချုပ်လမ်းမကြီး အပါအဝင် သက်တော် ရှည်ရပ်ကွက်ရှိ အင်ကြင်းလမ်း ၊ စကားဝါလမ်း ၊ အရှေ့ပိုင်းရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက်ရှိ ကံ့ကော်လမ်း ၊ ချယ်ရီလမ်း၊ သန့်စင်လမ်း ၊ ပိတောက်လမ်းနှင့် မြို့ပတ်လမ်း တို့တွင် တပ်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ရပ်ကွက်နေပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန်နှင့် မြို့ပြအင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးဆက် ထံက သိရသည်။

ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြအင်္ဂါရပ်နှင့် အညီ အစဉ်အမြဲ သန့်ရှင်း သာယာ လှပစေရေး အတွက် ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ယခုကဲ့သို့ မြို့တွင်းရှိ လမ်းမီးတိုင်များအား ရပ်ကွက်နေပြည်သူများ အလင်းရောင်ကောင်းစွာရရှိစေရေး LED မီးသီးများဖြင့် အစားထိုး တပ်ဆင်ပေးခြင်း လုပ်ငန်းအပြင် မြို့တွင်းရေစီးရေးလာကောင်းမွန်ရေးအတွက် လိုအပ်သောနေရာ များတွင် ရေနုတ်မြောင်းများ တူးဖော်ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်း ၊ လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်ခြင်း ၊ လမ်းဘေး (ဝဲ၊ ယာ)ရှိ အမှိုက်သရိုက်များနှင့် ပေါင်းမြက်များ သန့်ရှင်းရေးပြုလုပ်ခြင်းများကိုလည်း စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ဆွေဆွေဝင်း ထံက သိရသည်။ 

ရဲဝင်းနိုင် ( ညောင်ဦး )