ရန်ကုန် နိုဝင်ဘာ ၂၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများမီးဘေးအန္တရာယ်မှ ကင်းဝေး နိုင်စေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်များအား လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ယမန်နေ့ည (၇)နာရီမှစတင်ကာ မြို့နယ်မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်အတွင်းလှည့်လည်ကြေညာ ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ကြေညာရာတွင် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သည့် နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ မီးသတ်ဆေးဘူး စသည့် မီးဘေးကာကွယ်ရေးပစ္စည်းများထားရှိကြရန်၊ မီးဖို အနီးတွင် မီးလောင်လွယ် သည့်ပစ္စည်းများနှင့် လောင်စာဆီများ မထားရန်၊ ချို့ယွင်း ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြု ရန်၊ အရေးပေါ်လှေကားများကို အသင့် အသုံးပြုနိုင်ရေး ပြင်ဆင်ထားရန်၊ မီးဘေးအန္တရာယ် ကြုံတွေ့ပါက မြို့နယ် မီးသတ်ဦးစီးဌာန ဖုန်းနံပါတ် (၀၁-၈၆၁၀၇၀၂) သို့မဟုတ် အရေးပေါ်တယ်လီဖုန်းအမှတ် (၁၉၁) သို့ ချက်ခြင်း ဆက်သွယ်ကြရန် စသည့်အချက်များအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးဌေးလင်းဦး၏ လမ်းညွှန်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးသော်ခန့်ဝေက ဦးဆောင်၍ သန္ဓေ တပ်ဖွဲ့ ဝင်များ နှင့် အရန်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းလှည့်လည် ကြေညာပေးခဲ့ကြသည်။
အဆိုပါ မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များ ကြေညာခြင်းကို တစ်ပတ်လျှင် (၂) ကြိမ် စနေ၊ တနင်္ဂနွေနေ့များတွင် လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးဌေးလင်းဦးထံမှ သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)