မြောက်ဥက္ကလာပ နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်နေသည့် We Love Yangon- North Okkalapa လူထုအခြေပြု ပရဟိတအဖွဲ့မှ ယမန်နေ့ ညနေ ၆ နာရီက ညစာအာဟာရဒါန ထမင်းဗူး (၁၀၀၀)ကို မြောက်ဥက္ကလာပအထွေထွေရောဂါကု ဆေးရုံကြီးသို့ သွားရောက်လှူဒါန်း ခဲ့ပါသည်။
ထိုသို့လှူဒါန်းရာတွင် We Love Yangon- North Okkalapa လူထုအခြေပြုပရဟိတအဖွဲ့က ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးကုသမှု ခံယူနေသည့် လူနာများအတွက် စနစ်တကျဖြင့် အဖွဲ့သားများကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ထားသည့် ညစာအာဟာရဒါန ထမင်းဗူး (၁၀၀၀)ဗူးကို လှူဒါန်းရာ မြောက်ဥက္ကလာပဆေးရုံမှ တာဝန်ရှိသူတစ်ဦးက လက်ခံ ရယူခဲ့ပြီး We Love Yangon- North Okkalapa လူထုအခြေပြု ပရဟိတအဖွဲ့အား ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုတွင် ဝေဘာဂီ(၂)ရပ်ကွက်မှ ရပ်မိရပ်ဖများ၊ စေတနာရှင်လူမှုဘဝ စောင့်ရှောက်ရေးအဖွဲ့တို့မှ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ပြီး We Love Yangon- North Okkalapa လူထုအခြေပြုပရဟိတအဖွဲ့အနေဖြင့် မြို့နယ်အတွင်းဖွင့်လှစ်ထားသည့် အသွားအလာကန့်သတ် စောင့်ကြည့်နေရာများသို့ ကိုဗစ်-၁၉ ရောဂါရှိသူများနှင့် ဆက်စပ်သူ၊ သံသယရှိသူများကို ပို့ဆောင်ပေးခြင်း၊ ရောဂါမရှိသူများကို နေအိမ်များသို့ ပြန်လည် ပို့ဆောင်ပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးခြင်း၊ စားဝတ်နေရေးအခက်အခဲ ဖြစ်နေသည့် အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်းများ ဆောင်ရွက်နေခြင်း ကြောင့် အလှူရှင်များအနေဖြင့် ပူးပေါင်းပါဝင်လှူဒါန်းလိုပါက ဖုန်း-၀၉/၉၇၅၈၉၇၈၅၀ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)