သဲကုန်း နိုဝင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်−၁၉ ပိုးတွေ့ အတည်ပြု လူနာ(၆၂)ဦး ရှိခဲ့ရာ နောက်ဆုံးကျန်ရှိသည့်(၁၃)ဦးမှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီ ဖြစ်၍ ယမန်နေ့က ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပိုးတွေ့လူနာ(၁၃)ဦးတို့သည် နိုဝင်ဘာ ၁၅ ရက်နေ့မှစ၍ သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံ အတွင်းရှိ သံဃာဆောင်တွင် သီးသန့်ထားရှိပြီး ဆေးကုသဆောင်ရွက်ပေးလျက်ရှိရာ သတ်မှတ် ကာလပြည့်မြောက်သည့်အချိန်တွင် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် တိုင်းဒေသကြီး ကိုဗစ်−၁၉ ကုသရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခြင်းဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါ(၁၃)ဦးအား တာဝန်ရှိသူတစ်ဦးက ရောဂါပျောက်ကင်းကြောင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး Stay Home နေရမည့် စည်းကမ်းချက်များအား ဖတ်ပြ ရှင်းလင်းခဲ့ကာ သဲကုန်းမြို့ ပရဟိတနာရေးကူညီမှုအသင်းကားဖြင့် အိမ်တိုင်ရာရောက် လိုက်လံ ပို့ဆောင်ပေးခဲ့သည်။
သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၆၁)ဦးရှိခဲ့ရာ ပိုးတွေ့လူနာ(၆၁)ဦးလုံးမှာ ရောဂါ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သဖြင့် ယခုအခါသဲကုန်းမြို့နယ်တွင် ပိုးတွေ့လူနာ မရှိတော့ကြောင်း သိရှိရသည်။
နိုင်လင်း(သဲကုန်း ပြန်/ဆက်)