စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင်(၃)ခုရှိ မြို့နယ် (၁၇)မြို့နယ်အတွင်းရှိ ကျေးလက် ဒေသ များတွင် သောက်သုံးရေရေရရှိရေးနှင့် မြေဆီလွှာဆုံးရှုံးမှုများ လျော့နည်းစေရေး နည်းလမ်း (၄)မျိုးဖြင့် လုပ်ဆောင်ပေးသွားမည်

မုံရွာ နိုဝင်ဘာ ၂၃

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင်(၃)ခုရှိ မြို့နယ် (၁၇) မြို့နယ် အတွင်းရှိ ကျေးလက်ဒေသများတွင် သောက်သုံးရေရေရရှိရေးနှင့် မြေဆီလွှာ ဆုံးရှုံးမှုများ လျော့နည်းစေရေး နည်းလမ်း (၄)မျိုးဖြင့် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦး ထံမှသိရသည်။

“စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ အပူပိုင်းဇုန်အတွင်းမှာ ကျရောက်နေတဲ့ ဒေသတွေမှာက နှစ်စဉ်မိုးရွာ သွန်းမှုနည်းတယ်၊ မိုးရွာရင်မိုးရေတွေ လေလွင့်ဆုံးရှုံးမှုမရှိစေဖို့နဲ့ မြေဆီလွှာ ပျက်စီး ဆုံးရှုံးမှုကို လျော့နည်းစေဖို့ နည်းလမ်းကြံဆပြီး  နည်းလမ်း(၄)မျိုးနဲ့ လုပ်ဆောင် ပေးတာ ဖြစ်ပါတယ်၊ အဲဒိလိုလုပ်ဆောင်ပေးခြင်းအားဖြင့် အပူပိုင်းဇုန်အတွင်း မှာကျရောက် နေတဲ့ ကျေးလက်ဒေသကပြည်သူတွေ သောက်သုံးရေကို တစ်ဖက်တစ်လမ်းက ရရှိမှာဖြစ် သလို မြေဆီ လွှာတွေ ပျက်စီးဆုံးရှုံးမှုက ကာကွယ်နိုင်မှာဖြစ်ပါတယ် ” ဟု စစ်ကိုင်း တိုင်းဒေသကြီး အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦး က ပြောသည်။

အပူပိုင်းဇုန်အတွင်း ကျရောက်လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို၊ မုံရွာ၊ စစ်ကိုင်း ခရိုင်အတွင်း  မြို့နယ် (၁၇)မြို့နယ်တွင် ရေကန်ငယ်(၆)ကန်၊ မြေအောက်ရေရရှိရေး အဝီစိ ရေတွင်း (၁)တွင်း၊ ရေဂါလံ (၅၀၀၀)ဆံ့ ကွန်ကရစ်ရေကန်ကြီး (၃)ကန်နှင့် ရေဂါလံ(၁၀၀)ဆံ့ ကွန်ကရစ် ရေကန်ငယ် (၄၀၀)ကန် တို့ကို တည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)