စစ်ကိုင်း နိုဝင်ဘာ ၂၃
စစ်ကိုင်းမြို့၊ ကုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးသို့ မြို့မိ/ မြို့ဖ အဖွဲ့မှ Surgical Gowns များ၊ အသက်ရှူစက်နှင့် အလှူရှင်များမှ ပရဟိတအသင်းများသို့ ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်လှူဒါန်းပွဲ ကို ယမန်နေ့၊ နံနက်ပိုင်းက ပြည်သူ့ဆေးရုံကြီးရှိ အစည်းအဝေးခန်းမအတွင်း ကျန်းမာရေးနှင့် အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှူဒါန်းပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်းနှင့် ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဌ ဦးဆန်းထွန်းစိန်တို့က ဝမ်းသာပီတိ စကားများပြောကြားပေးခဲ့ကြပြီး စစ်ကိုင်းမြို့မိ/ မြို့ဖအဖွဲ့ဥက္ကဌ ဦးတင်မျိုးလွင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလမှာ ပြည်သူ့ဆေးရုံကြီးအတွက် လိုအပ်လျှက်ရှိသည့် အသက်ရှူစက်နှင့် Surgical Gowns များ လှူဒါန်းပေးရခြင်းဖြစ်ကြောင်း၊ ထို့အတူ ကိုဗစ်-၁၉ ကာလမှာ မြို့ပေါ်ရှိ ပရဟိတ အဖွဲ့များက အရေးပေါ်လူနာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အားကြိုးမာန်တက် လုပ်ကိုင်ဆောင် ရွက်နေကြသည်ကို မြင်တွေ့ ကြားသိရတဲ့အတွက် အလှူရှင်များစုပေါင်းကာ အခုလိုဂုဏ်ပြု ချီးမြှင့်ပေးရ ခြင်းဖြစ်ကြောင်း စသည်ဖြင့်ပြောကြားကာ ပြည်သူဆေးရုံကြီး၊ ကျန်းမာရေးဦးစီး ဌာနနှင့် ပရဟိတအဖွဲ့ များအား တာဝန်ရှိသူများက လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းမြို့အနေဖြင့် ပရဟိတတအသင်းအဖွဲ့ပေါင်း (၈)သင်းရှိပြီး Volunteer အဖွဲ့ဝင်(၅၇)ဦး ရှိရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့် ထိစပ်သူများအား အချိန်နှင့် တစ်ပြေးညီ သယ်ယူ ပို့ဆောင် ပေးနေကြကြောင်းသိရသည်။
ဇော်မြင့်နိုင်