မုဒုံ စက်တင်ဘာ ၁၉
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က (ညောင်ကုန်း)ကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီအေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ကျောင်းသား/သူများ အသိပညာဗဟုသုတများ တိုးပွားလာစေ၍ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်ရှိန်ပိုမိုမြင့်မားစေပြီး ပြင်ပစာပေများကို ဖတ်ရှုလေ့လာနိုင်စေရန်အတွက် လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို စတင်ခဲ့ရာ Grade – 11 မှ မြန်မာ့ရိုးရာယဥ်ကျေးမှု အမွေထိန်းစို့လေ ၊ ကြိုတင်ပြင်ဆင်အောင်ပွဲဝင် ၊ Grade -10 မှ ဝန်းကျင်ကမ္ဘာထိန်း သိမ်းရေး အိုဇုန်းလွှာအလေးပေး ၊ Grade-9 မှ လူငယ်နှင့် မူးယစ်ဆေး ခေါင်းစဥ်တို့ ဖြင့် ကျောင်းသား/သူများက ဆွေးနွေးကြ၍ တက်ရောက်လာကြသည့် ကျောင်းသား /သူများမှ မေးခွန်းအမေးအဖြေများဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး အသိပညာပေးနံရံကပ် စာစောင်များ၊ သုတရသစာအုပ်များကို ပြသရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)