မုံရွာခရိုင် ချောင်းဦးမြို့နယ်တွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်၀စေမည့် စားသုံး သီးနှံ ထုတ်လုပ်နိုင်ရေး တောင်သူများအား နည်းပညာပေးဆွေးနွေးခြင်း ကွင်းဆင်းဆောင်ရွက်

ချောင်းဦး နို၀င်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင်  ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရ ပြည့်၀စေမည့်  စားသုံးသီးနှံ ထုတ်လုပ်နိုင်ရေး  တောင်သူများအား နည်းပညာပေး ဆွေးနွေးခြင်းကို နို၀င်ဘာလ ၂၃ ရက်၊ နံနက် ၁၀ နာရီ အချိန်က ခင်မွန်စိုက်ပျိုးနည်း ပညာပြန့်ပွားရေးစင်တာနယ်မြေအတွင်းရှိ တောင်သူများအား နည်းပညာပေးဆွေးနွေးခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး က ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်း စနစ်များ ၊ ဓာတု ပိုးသတ်ဆေးကို အလွန်အကျွံ သုံးစွဲခြင်းမပြုရန် နှင့် ပိုးသတ်ဆေး စနစ်တကျကိုင်တွယ် အသုံးပြုတတ်စေရန်လိုအပ်ချက်များ၊ ဓာတုဆေးဓာတ်ကြွင်းအန္တရာယ် ၊ ဆေးဘူးခွံများ စနစ်တကျ စွန့်ပစ်ရန် နှင့် မှတ်ပုံတင်ထားသော ဆေးများ၏ အညွှန်းစာတွင်ပါသည့် ဆေးနှုန်းထားများအတိုင်း သုံးစွဲကြရန် သိမှတ်ဖွယ်ရာများကို အကြံပြု ဆွေးနွေးပြောပြခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးပညာရှင်  ခင်မွန်စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာ တာဝန်ခံ ဦးအောင်ဆွေဦး က ဓာတုဆေးများ အလွန်အကျွံသုံးစွဲမှုကို လျော့ချ၍ ကုန်ကျစရိတ်သက်သာပြီး စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေသော သဘာဝ ပိုးသတ် ဆေးရည်၊ သဘာဝ အပင်အား ဆေးရည်၊ သဘာဝမှိုသတ်ဆေးရည်များ ပြုလုပ် သုံးစွဲ နည်းများ ကိုလည်းကောင်း၊ လယ်ယာ ထွက်ကုန် စွန့်ပစ်ပစ္စည်းများအားEM ဘိုကာရှီ  သဘာဝမြေသြဇာ၊ စူပါဘိုကာရှီများ ပြုလုပ် အသုံးပြုနည်း၊ သစ်ရွက်စိမ်းမြေသြဇာများ ပြုလုပ်သုံးစွဲခြင်း၏ အကျိုးကျေးဇူးများ ၊စိုက်ပျိုးရေး  ဆိုင်ရာအလေ့အကျင့်ကောင်း  GAP စနစ်လိုက်နာကျင့်သုံးရန်နှင့် လိုအပ်ချက်များကို ရှင်းလင်း​ပြောပြ ခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာသို့ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး နှင့် ၀န်ထမ်းများ၊ ခင်မွန်စိုက်ပျိုးနည်းပညာပြန့်ပွားရေး စင်တာနယ်မြေ အတွင်းရှိ ဘူတာကျေးရွာနှင့်‌ အောင်ချမ်းသာကျေးရွာမှ ဟင်းသီးဟင်းရွက်စိုက် တောင်သူ များနှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အိအိအောင်(ချောင်းဦး)