ကော့ကရိတ် နိုဝင်ဘာ ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ကွပ်ကဲမှုအောက်ရှိ ကော့ကရိတ်ခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောထူးနှင့်အဖွဲ့သည် ကော့ကရိတ်မြို့နယ်အတွင်း သမိန်ဒွတ်-ခရင်း ကျောက်ခင်းလမ်းနှင့် အဆိုပါလမ်းပေါ်ရှိ Box Culvert (၃) စင်း တည်ဆောက် မည့် လုပ်ငန်းနေရာအတည်ပြု သတ်မှတ်ရန် ယမန်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ထိုသို့ ကော့ကရိတ်မြို့နယ်အတွင်း သမိန်ဒွတ်-ခရင်း ကျောက်ခင်းလမ်း အရှည် (၁/၆) မိုင်နှင့် ၎င်းလမ်းပေါ်၌ ၅ ပေ Box Culvert (၃)စင်းတို့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းအတွက်ခွင့်ပြုရန်ပုံငွေ ကျပ် (၁၉၆.၀၉၅) သန်းနှင့် Box Culvert (၃) စင်းအတွက် ခွင့်ပြုရန်ပုံငွေကျပ် (၁၃.၀၄၃) သန်း အကုန်ကျခံ၍ တည်ဆောက် သွားမည်ဖြစ်ပါသည်။
အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများကို ၁၉-၁၁-၂၀၂၀ ရက်နေ့မှစတင်၍ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး သတ်မှတ်သည့် ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီ ပြီးစီးနိုင်ရေးနှင့် အရည်အသွေးစံချိန်စံညွှန်း ပြည့်မီစွာဆောင်ရွက်နိုင်ရေးကို ကော့ကရိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စိုးလွင်