ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် “ရာပြည့်တက္ကသိုလ်မြကျွန်းညို” ဆောင်ပါးပြိုင်ပွဲ နှင့် ဝတ္ထုတိုပြိုင်ပွဲ ဆုရွေးချယ်ပွဲကျင်းပ

ရန်ကုန်  နိုဝင်ဘာ ၂၃

၂၀၂၀  ပြည့်နှစ်၊ ဒီဇင်ဘာ (၁) ရက်နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် အထိမ်း အမှတ် “ရာပြည့်တက္ကသိုလ်မြကျွန်းညို” ဆောင်ပါးပြိုင်ပွဲနှင့် ဝတ္ထုတိုပြိုင်ပွဲအား ဖိတ်ခေါ်ကျင်းပခဲ့ပါ သည်။

အဆိုပါ ဆောင်းပါးပြိုင်ပွဲနှင့်ဝတ္ထုတိုပြိုင်ပွဲကို ရန်ကုန်တက္ကသိုလ်ကြီး၏ သမိုင်းအစဉ်အလာ ကြီးမားခဲ့မှု များ၊ နိုင်ငံဂုဏ်ဆောင်တက္ကသိုလ်ကြီးအဖြစ် တည်ရှိခဲ့မှုများနှင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ် များနှင့်အညီ ပညာသင်ကြားနိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးနေမှုများ၊ နိုင်ငံ တကာနှင့် ယှဉ်ပြိုင်နိုင် စွမ်းရှိသော တက္ကသိုလ်ကြီးတစ်ခု ပေါ်ပေါက်လာစေရန်နှင့် လူအဖွဲ့အစည်းနှင့် ကမ္ဘာကြီးကို အကျိုးပြုနိုင်သော စွမ်းဆောင်ရည်ပြည့်ဝသည့် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကြီးတစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာရန် ကြိုးပမ်း ဆောင်ရွက်နေမှုများ စသည်တို့ကို ဖော်ညွှန်းရေးသားပါဝင်ယှဉ်ပြိုင် ကြရန် ၂၀၂၀ ပြည့်နှစ် အောက်တို ဘာလ(၁၉)ရက်မှ နိုဝင်ဘာလ(၁၆)ရက်နေ့အထိ ဖိတ်ခေါ်ခဲ့ရာ၊ ဆောင်းပါးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ(၆၄)ဦးက ပြိုင်ပွဲဝင်ဆောင်ပါး(၆၄)ပုဒ်ကိုလည်းကောင်း၊ ဝတ္ထုတို ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ(၄၁)ဦးက ပြိုင်ပွဲဝင်ဝတ္ထုတို (၄၁)ပုဒ်ကို လည်းကောင်း အသီးသီးပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲဝင်ဆောင်းပါးများနှင့် ဝတ္ထုတိုများကို စိစစ်အကဲဖြတ်ရွေးချယ်ခြင်းအား ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ အစည်းအဝေးခန်းမနှင့် အွန်လိုင်းမီဒီယာတို့မှ အသီးသီးကျင်းပ ပြုလုပ်ခဲ့ကြောင်း၊ ဆောင်းပါးနှင့် ဝတ္ထုတိုပညာရှင်များက ပြိုင်ပွဲဝင် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အကဲဖြတ်စိစစ်ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆု (၅) ဆုတို့ကို ရွေးချယ်ခဲ့ကြကြောင်း သတင်းရရှိသည်။

အောင်မြင့်(ပြန်/ဆက်)