ဆိပ်ဖြူ နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဆောင်းသီးနှံ ကြက်သွန်နီစိုက် တောင်သူများ ကြက်သွန်နီကို ပျိုးထောင်ပြီး ဘောင်တင် ရေသွင်း စိုက်ပျိုးရာမှ တိုက်ရိုက်မျိုးစေ့ချ ရေဖြန်းစနစ်ဖြင့် စတင်စိုက်ပျိုးလာကြောင်း သိရှိရသည်။
ဆိပ်ဖြူမြို့နယ်မှ ကိုင်းမြေတွင် စိုက်ပျိုးလုပ်ကိုင်တောင်သူများသည် ဆောင်းသီးနှံကို ပဲမျိုးစုံ၊ ခရမ်းချဉ်၊ ခရမ်းနှင့် ကြက်သွန်နီကို နှစ်စဉ်ဆောင်းရာသီတွင် အဓိကထား စိုက်ပျိုးလာခဲ့ကြပြီး ယခုနှစ်တွင် တောင်သူများ ဆောင်းကြက်သွန်နီကို ယခင်ဘောင် တင်ရေသွင်းစနစ်ဖြင့် စိုက်ပျိုးခြင်း များ ရှိသလို တိုက်ရိုက်မျိုးစေ့ချ ရေဖြန်းစနစ်ဖြင့် စိုက်ပျိုးလာကြကြောင်းသိရသည်။
ကြက်သွန်နီ စိုက်ပျိုးရာတွင် ယခင်နှစ်များက ကိုင်းမြေများတွင် ထွန်စက်များဖြင့် ထွန်ယက်ခြင်း၊ နွားထွန်ရှင်းများဖြင့် မြေညှိ ဘောင်တင်၍ ဒေသရာသီဥတုလိုက်ပြီးရေချိန်မြေချိန် ရေသွင်းစနစ်ဖြင့် စိုက်ပျိုးခဲ့ကြရာမှ ယခုနှစ်တွင် တောင်သူအချို့က စိုက်ပျိုး နည်းစနစ်သစ်ဖြင့် ဘောင်စနစ်မပါ တိုက်ရိုက်မျိုးစေ့ချ ရေပိုက်သွယ် ရေဖြန်းစနစ်ဖြင့် စိုက်ပျိုးလာကြသည်။
တိုက်ရိုက်မျိုးစေ့ချ ရေဖြန်းစနစ်သည် ကြက်သွန်နီစိုက်တောင်သူများ၏ စိုက်ခင်းလုပ်သားအား လျှော့ချနိုင်ပြီး၊ မျိုးစေ့ ပျိုးထောင်ခြင်း၊ စိုက်ခင်းဘောင်နှင့် ရေသွင်းမြောင်း တူးဖော်ခြင်း၊ ရေသွင်း လုပ်သား ရှာဖွေစောင့်ဆိုင်းရခြင်း သက်သာစေပြီး၊ ပိုက်သွယ်ရေဖြန်းစနစ်ဖြင့် မိမိစိုက်ခင်းအတွင်း တောင်သူကိုယ်တိုင် တစ်ဦးတစ်ယောက်တည်းဖြင့် ရေလိုအပ်သည့်နေရာသို့ ရေသွင်း နိုင်ကြောင်း ရေသွင်းသည့်အခါတွင်လည်း ဘောင်တင်ရေသွင်းစနစ်လို အချိန်မကုန် ငွေမပန်းလူမပန်း၊ မြေမကျစ် မြေမာခြင်းမရှိ သီးနှံအတွက် လိုအပ်သလောက် ရေဖြန်းပေးရသည့်အတွက် သီးနှံတူးဖော်သည့် ကာလတွင် တူးဖော်ရသည့် အချိန်လုပ်သား စရိတ် သက်သာကာ ယခင်စိုက်နည်းစနစ်ထက် အထွက်နှုန်းပိုမိုကြောင်း၊ ရေဖြန်းပိုက်များ တစ်ဧကလျှင် တစ်သိန်းခွဲမှ နှစ်သိန်းဝန်း ကျင်ခန့်သာ ကုန်ကျပြီး ရေပိုက်ဆင်ချိန်၌သာ အချိန်ပေးဆောင်ရွက်ရပြီး ရေဖြန်းပိုက်များကို စိုက်ခင်း အတွင်း သုံးနှစ်အထိ အသုံးပြုနိုင်ကြောင်း ၊ဒီစနစ်ကို ယခုနှစ်မှသာလျှင် တောင်သူတွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခဲ့ကြောင်း တောင်သူ အချင်းချင်း စရိုက်ပျိုးနည်စနစ်ဖလှယ်၍ ရရှိလာသည့် နည်း စနစ်ဖြစ်သည့်အတွက် တောင်သူများအတွက် အကျိုးပြု ကြောင်း လက်ရှိဆိပ်ဖြူ ကိုင်းမြေများတွင် ကြက်သွန်နီ တိုက်ရိုက်မျိုးစေ့ချ ကြက်သွန်နီ ဥသေး (ကြမ်းကျွံ)၊ ဇော်မွှား မျိုးများဖြင့် ဆောင်း သီးနှံ ကြက်သွန်နီများကို စိုက်ပျိုးလျက်ရှိကြောင်း ကြက်သွန်စိုက်ပျိုးတောင်သူများထံမှ သိရသည်။
စိုးလင်းနိုင်(IPRD)