ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ချောင်းဦးမြို့ စည်ပင်သာယာမြို့မဈေးကြီး၌ လက်ဆေးဘေစင်များထားရှိ

ချောင်းဦး မတ် ၂၀

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ စည်ပင်သာယာမြို့မဈေးကြီး၌ လက်ဆေးဘေစင်များကို ယနေ့ နံနက်(၇)နာရီအချိန်က စတင်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ထားရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို ချောင်းဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ ချောင်းဦးမြို့နယ် အထွထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းဌေး၊ ချောင်းဦးမြို့နယ် စည်ပင်သာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးကြည်သန့်ဝင်းနှင့် ဈေးကော်မတီမှ တာဝန်ရှိသူများက မြို့မဈေးကြီးအတွင်းရှိ ဈေးသူ၊ ဈေးသားများနှင့် ဈေးလာဝယ်သူများကို  ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လက်ဆေးနည်းအဆင့်ဆင့်နှင့် လက်ကိုမကြာခဏ ဆေးကြောနိုင်ရန် လက်ဆေးဘေစင်များထားရှိမှုတို့ကို ကြည်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

"ကျွန်တော်တို့အနေနဲ့ မြို့မဈေးကြီး အတွင်းမှာရှိတဲ့ ဈေးသူ၊ ဈေးသားတွေရော ဈေးလာဝယ်တဲ့ သူတွေရော ယခုလက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ လက်ဆေးနည်းအဆင့်ဆင့်နဲ့ လက်ကိုမကြာခဏ ဆေးကြောရန် အသိပညာပေးခဲ့ပြီး လက်ဆေးဘေစင်များကို ထားရှိရခြင်းဖြစ်ပါတယ်'' ဟု ချောင်းဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကြည်သန့်ဝင်းက ပြောကြားခဲ့သည်။

အိအိအောင်(ချောင်းဦး)