ဝန်းသို နိုဝင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ တားဆီးရေး ဆိုင်ရာ စံသတ်မှတ်ချက်များနှင့်ကိုက်ညီပြီး (A) အဆင့်သတ်မှတ်ခြင်းခံရသည့် စားသောက်ဆိုင်၊ လက်ဖက် ရည်ဆိုင်များနှင့် လမ်းဘေးဈေး ဆိုင် စုစုပေါင်း (၄၉)ဆိုင်အား ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလကုန်တွင် ပြန်လည် ဖွင့်လှစ်ခွင့်ပြုနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်း အချိန်က ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး မြို့နယ်အဆင့် ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးနေမျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလိုက်လံစစ်ဆေးရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေး ကော်မတီ၊ မီးသတ်ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက စားသောက် ဆိုင်ပိုင်ရှင်များအား စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရောင်းချရာတွင် လိုက်နာ ဆောင်ရွက် ရမည့် အချက်များဖြစ်သည့် ဆိုင်သို့ရောက်ရှိလာသည့် စားသုံးသူများအားလုံးကို အဝင်ဝတွင် အပူချိန်တိုင်းရန်နှင့် လက်ဆေးရန်၊ တစ်ယောက်ချင်းစီ စားနိုင်ပြီး တစ်ဦးနှင့်တစ်ဦးကြားတွင် ကတ်ထူပြား၊ မှန်ပြား၊ သစ်သားပြားတို့ဖြင့် အကန့်ကန့်စီစဉ် ပေးထားရန်၊ ဆိုင်ဝန် ထမ်းများ အထူးဂရုပြုဆောင်ရွက်ရမည့်အချက်များ၊ ကျန်းမာရေးအသိပညာပေး ပိုစတာများ၊ ဗွီနိုင်းများကို လူအများမြင်သာသည့်နေရာများတွင် ချိတ်ဆွဲထားရှိရန်စသည့် လိုက်နာရမည့် အချက်များကို ဆွေးနွေးပြောကြားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ရောင်းချမှု ပြုနိုင်ခြင်း ရှိ/မရှိမေးမြန်းကာ သိရှိ လိုက်နာမည်ဖြစ် ကြောင်းကို လက်မှတ် ရေးထိုးစေခြင်းများ ဆောင်ရွက်ခဲ့သည်။
ဝန်းသိုမြို့ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် လမ်းဘေးဈေးဆိုင်များအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရန်အတွက် စက်တင်ဘာ ၁၈ ရက်နေ့မှ စတင်၍ ဆိုင်ထိုင်စားသောက်ရောင်းချခြင်းခွင့်မပြုဘဲ Take Away (ပါဆယ်) စနစ်ဖြင့် သာ ရောင်းချခွင့်ပြုခဲ့ပြီး ယခုနိုဝင်ဘာလကုန်ပိုင်းတွင် (A) အဆင့်သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင် ၁၃ ဆိုင်၊ လက်ဖက်ရည်ဆိုင် ၁၁ ဆိုင်နှင့် လမ်းဘေးဈေးဆိုင် ၂၅ ဆိုင်တို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ကာကွယ်၊ တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိပါက ပြန်လည်၍ ဆိုင်ထိုင် ရောင်းချ ခွင့်ပြုပေးသွားဖြစ်ကြောင်း သိရှိရသည်။
ကျော်မြိုင် (ပြန်/ဆက်)