ဗိုလ်တထောင်မြို့နယ်တွင်ပုံမှန်ကာကွယ်ဆေးထိုးခြင်းအစီအစဉ်များပြန်လည်စတင်ထိုးနှံပေး

ဗိုလ်တထောင်       နိုဝင်ဘာ       ၂၃

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြောင့် ရပ်နားထားသည့်ပုံမှန် ကာကွယ်ဆေးထိုးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့ နံနက်(၉:၀၀)နာရီမှစတင်၍ ထိုးနှံပေးသည်။

ထိုသို့ဆေးထိုးနှံပေးရာတွင် ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့နေချိန်ကာလတွင် ရပ်နားထားရာမှပြန်လည်ထိုးနှံ ပေးခြင်းဖြစ်သည်။ ဆေးထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် တစ်နေ့လျှင်ကလေး (၅၀)ဦးသာထိုးနှံပေးမည်ဖြစ်ပြီးကလေးနှင့်အတူလိုက်ပါသူ တစ်ဦးသာဝင်ခွင့်ပေးပြီး ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ရန်၊ လက်ဆေးပြီးမှသာဝင်ရန် (၆)ပေအကွာ တွင်နေရန်၊ ဆေးထိုးမည့်ကလေးအိမ်တွင် အိမ်သား တစ်ဦးဦးဖျား နေခြင်း၊ ပိုးတွေ့လူနာများရှိပါက  Quarantine ကာလပြီးဆုံးမှသာကလေး ကိုဆေးထိုးရန်၊ ဆေးထိုးမည် ဆိုပါကရက်ချိန်းယူပြီးမှထိုးရန်၊ ကာကွယ်ဆေးထိုးနှံခြင်းကိုအပြည့်အဝ ရရှိစေရန်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏လိုက်နာရန် ချမှတ်ထားသည့်အချက်များကိုလိုက်နာရန်တို့ကို ကြိုတင်အသိပေး နှိုးဆော်ထားပြီး ယနေ့ဆေးထိုးရန် လာရောက်သူများကလိုက်နာကြကြောင်း၊ မြို့နယ်အတွင်းရပ်ကွက် (၁၂)ရပ်ကွက်မှ ကလေးများကို အလှည့်ကျထိုးနှံပေးမည်ဖြစ်ကြောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကသိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)