ထန်းတပင် ဇန်နဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဂွေ့ကြီးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲ က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေက အဖွင့်အမှာစကားပြောကြားပြီး ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သဇင်က ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများကို လည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးက လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းဆိုင်ရာဥပဒေများကို လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစိုးငြိမ်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုစိုးက ဒေသနှင့်ကိုက်ညီသည့် မျိုးစပါးများ၊ သီးနှံဖျက်ပိုးများအကြောင်းကို လည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ယဉ်ယဉ်တည်က ပြောင်းလဲနေသောပညာရေးစနစ်သစ်နှင့် ကလေးပညာရေးအတွက် မိဘဆရာ ပူးပေါင်း ဆောင်ရွက်ရေးကိုလည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းဦးက လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် ပတ်သက်သည်များကို လည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသောင်းတင်က လယ်ယာများအချိန်မီရေရရှိရေးကို လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မျိုးဆင့်က ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် သောက်သုံးရေရရှိရေး၊ ကျေးရွာမီးလင်းရေးနှင့် ကျေးရွာကုန်ထုတ်လမ်းများ ဖောက်လုပ်ဆောင်ရွက် ပေးနေမှုများ ကိုလည်းကောင်း၊ မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ-၂ (မြို့ပြ) က ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ပေးနေမှုအခြေအနေများကို လည်းကောင်း အသီးသီးပြောကြားပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ ပြည်သူ့စကားဝိုင်းများကို ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့်အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်နိုင်ရန်၊ မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေးမှုများ ရှိလာစေရန်၊ ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သော အလေ့အထများဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
သန်းထွန်း(ပြန်/ဆက်)