“ကိုရိုနာဗိုင်းရပ်စ်ရောဂါ မိမိကစ၍ကာကွယ်ပါ” လက်ကမ်းစာစောင်များ ကွမ်းခြံကုန်း မြို့နယ်တွင် ဖြန့်ဝေ

ကွမ်းခြံကုန်း မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (COVID-19) အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါဖြစ်ပွားမှုမရှိရေးအတွက် ပြည်သူများအား အသိပညာပေး လှုပ်ရှားမှုအဖြစ် လက်ကမ်းစာစောင်များ ဖြန့်ဝေမှုကို ယနေ့နံနက်(၈)နာရီမှစ၍ လူစည်ကားရာ မြို့မဈေးကြီး အတွင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် “ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ မိမိကစ၍ကာကွယ်ပါ”၊ ရောဂါကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများနှင့် လူထူထပ်သောနေရာများကို ရှောင်ကျဉ်ရန်၊ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများတွင် အမြန်ဆုံးသတင်းပို့၍ ဆေးကုသမှုခံယူရန်တို့ ပါဝင်ပြီး ဝန်ထမ်းများကပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ထွန်းထွန်းစိုး(ရွှေခြံမြေ)