မင်းဘူး ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တရားရုံး၏ နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က မင်းဘူးမြို့၊ နမ္မဒါရပ်ကွက်၊ ရွှေဝါဝင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင်မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ ဦးစိန်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်စိုးဉာဏ်က နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို မိတ်ဆက် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မင်းဘူးခရိုင်တရားရုံး၊ ခရိုင်တရားသူကြီး ဦးဌေးအောင်က ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ကို အဆင့်လိုက်အကောင်အထည်ဖော် ဆောင်ရွက်မည့် ခရိုင်တရားရုံး (၂၅) ရုံးအနက် မင်းဘူးခရိုင်တရားရုံးက တစ်ရုံးအပါအဝင်ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် တရားရုံးအသုံးပြုသူများနှင့် ပတ်သက်၍ မကွေးတက္ကသိုလ်မှ ဥပဒေကျောင်းသား/ကျောင်းသူများနှင့် စစ်တမ်းကောက်ယူခဲ့ပါကြောင်း၊ မှုခင်းစီမံခန့်ခွဲမှုဆိုသည်မှာ စံသတ်မှတ်ကာလအတွင်း လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုနှင့်သက်ဆိုင်သော တာဝန်ရှိသူအားလုံးက ပူးပေါင်း၍ ညှိနှိုင်းအစည်းအဝေးများပြုလုပ်ပြီး စဉ်ဆက်မပြတ် စစ်ဆေးခြင်းဖြစ်ကြောင်း၊ ရာဇဝတ်၊ တရားမမှုများ လက်ခံရရှိသည်နှင့် အလျင်အမြန် ဆောင်ရွက်ရမည့်အမှု၊ ရိုးရှင်းသောအမှု၊ ရှုပ်ထွေးသောအမှုဟူ၍ ဉီးဆောင်စစ်ဆေးသော တရားသူကြီးက သတ်မှတ်ပြီး သတ်မှတ်စံကာလအတွင်း ပြီးပြတ်အောင် စစ်ဆေးစီရင်ရသည့် အစီအစဉ်၏ လုပ်ငန်းစဉ်ဖြစ်ကြောင်း ၊ အမှုအမျိုးအစားပေါ်မူတည်ပြီး ကြိုတင်ပြင်ဆင်နိုင်ရန် အမှုသည်၊ ရှေ့နေများကို အချိန်အလုံအလောက်ပေးခြင်း၊ အမှုအမျိုး အစား ခွဲခြားသတ်မှတ်စစ်ဆေးသည့် အစီအစဉ်ဖြစ်သောကြောင့် အမှုပြီးမည့်ရက်ကို အမှုသည်တို့ ကြိုတင်သိရှိနိုင်ပါကြောင်း၊ တစ်စုံတစ်ဉီးက လုံလောက်သော အကြောင်းရှိခဲ့လျှင် (၃)ရက်ကြိုတင်ပြီး နောက်ဆက်တွဲ ပုံစံ(င)ဖြင့် ခွင့်တင်ခြင်းပြုကာ ရုံးချိန်ရယူသည့်အတွက် သက်သေများအနေဖြင့် ရုံးချိန်လာရောက်ပြီး မစစ်ဆေးဘဲ ပြန်ရသည့် ရုံးချိန်များမရှိတော့ကြောင်း ၊ ၂၀၂၀ ပြည့်နှစ် အတွင်း မြို့နယ်တရားရုံး (၁၀၉) ရုံးကိုလည်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ဖြင့် စစ်ဆေးရမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းချက်များကို မကွေးတိုင်းဒေသကြီး တရားရေးဉီးစီးမှူး ဒေါ်စိုးဉာဏ်က ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှု ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိန်ထွန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဉီးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်နုယဉ်၊ မကွေးတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်စိုးဉာဏ်၊ မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ရှေ့နေများ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)