စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ပင်စင် လစာများ ထုတ်ပေး

စေတုတ္တရာ      နိုဝင်ဘာ    ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်စားဝန်ထမ်းများအား ပင်စလစာများ ယမန်နေ့က စတင်၍ ထုတ်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရေး မြို့ပေါ် ရပ်ကွက် များနှင့်ကျေးရွာများမှ ပင်စင်စား မိဘပြည်သူများအား သတ်မှတ်ရက်များဖြင့် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အငြိမ်းစားပင်စင်လစာများ ထုတ်ပေးမှုနှင့်ပတ်သက်၍ မြို့နယ်စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်အေးစုစုလတ် က “အငြိမ်းစားပင်စင်လစာကို နိုဝင်ဘာလ ၂၃ ရက်နေ့မှစတင်၍ ထုတ်ပေးခြင်းဖြစ် ကြောင်း၊ ပင်စင် လစာများ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျေးရွာများမှ ပင်စင်စားမိဘ ပြည်သူများ၊ မြို့ပေါ်အမှတ် (၁)ရပ်ကွက်မှ ပင်စင်စားမိဘပြည်သူများနှင့် အမှတ်(၂) ရပ်ကွက် မှ ပင်စင်စား မိဘပြည်သူများအား သတ်မှတ်ရက်များအလိုက် ထုတ်ပေးခြင်းဖြစ်ကြောင်းနှင့် သတ်မှတ် ရက်များတွင် လာရောက်မထုတ်ယူနိုင်သော ပင်စင်စားမိဘပြည် သူများအား နိုဝင်ဘာလ (၂၅)ရက်နေ့ နောက်ပိုင်း ရုံးချိန်များအတွင်း ဆက်လက်ထုတ်ပေး သွားမည်ဖြစ်ကြောင်း ” ပြောကြားသည်။

စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ပင်စင်လစာများကို နိုဝင်ဘာလ(၂၃)ရက်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက်  ဘဏ် အတွင်းသို့ မဝင်မှီ စနစ်တကျ လက်ဆေးစေခြင်း၊ နှာခေါင်း(Mask)များ တပ်ဆင်ပြီးမှသာ ဝင်ရောက် စေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် နေထိုင်စေရေးအတွက် စနစ်တကျ မျည်းများ သတ်မှတ် ကာ ထိုင်ခုံများချထား ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

စည်သူလွင်(ပြန်/ဆက်)