ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

 ရန်ကုန်   ဇန်နဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်ပညာရေးမိသားစု၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့်  ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း တော်ဝင်သဇင်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို အ.မ.က (၁၆) ကျောင်းသား ကျောင်းသူများမှ "စုံညီပွဲတော် တို့နွှဲပျော်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်မောင်မှ အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာကြီးဦးတင်လှတို့မှ စုံညီပွဲတော် သိကောင်းစရာများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။  ဆက်လက်၍ မြို့နယ်အတွင်းရှိ ကျောင်းများမှ(၂၀၁၈ -၂၀၁၉) ခုနှစ်အတွင်း တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် လူရည်ချွန်ရရှိသော ကျောင်းသား ကျောင်းသူများ၊ ဘက်စုံပညာထူးချွန်ဆုရရှိသော ကျောင်းသား/ကျောင်းသူများ အား တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး မြို့နယ်အတွင်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူလေးများက တေးသရုပ်ဖော်သီချင်းများဖြင့် အလှည့်ကျ ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရှိရသည်။

မြင့်ရီ(ပြန်/ဆက်)