ပွင့်ဖြူ နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ၊ ကုန်းဇောင်းကျေးရွာအုပ်စု ၊ စက်တန်းကျေးရွာ၊ ဥယျာဉ်ကျစ်ကျေးရွာအုပ်စု၊ ရှောက်တော ကျေးရွာတို့တွင် ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး သွားလာရေး အဆင်ပြေစေရန် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကျေးရွာတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ကျေးလက်နေပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် သန်း(၂၀)ဖြင့် ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာတွင် ကျေးရွာတွင်းလမ်းအရှည် ပေ ၁၂၀၀ အား အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၊ ခွင့်ပြုရန်ပုံငွေကျပ် သန်း(၂၀)ဖြင့် ရှောက်တောကျေးရွာ ကျေးရွာတွင်းလမ်း အရှည်ပေ ၁၂၀၀ အား အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့်၊ ခွင့်ပြုရန်ပုံငွေကျပ် (၁၀)သန်းဖြင့် ကုန်းဇောင်းကျေးရွာအုပ်စု ၊ စက်တန်းကျေးရွာတွင်းလမ်း အရှည်ပေ ၆၀၀ အား အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ကျေးရွာနေပြည်သူများကိုယ်တိုင် ဦးဆောင်၍ ဆောင်ရွက်ခြင်း ဖြစ်ပြီး လိုအပ်သောနည်းပညာနှင့် ပတ်သက်ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပံ့ပိုးကူညီဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရ သည်။
ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် “ ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ၊ ကုန်းဇောင်းကျေးရွာအုပ်စု၊ စက်တန်းကျေးရွာနဲ့ ဥယျာဉ်ကျစ်ကျေးရွာအုပ်စု၊ ရှောက်တောကျေးရွာမှာ ကွန်ကရစ်လမ်း အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ ပါတယ်။ ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကိုတော့ ကျေးရွာနေ ပြည်သူတွေကိုယ်တိုင် ဦးဆောင်ပြီးတော့ အောက်တိုဘာလ ၁၃ ရက်နေ့က စတင် အကောင်အထည်ဖော် ဆောင်ရွက်တာဖြစ်ပြီး လိုအပ်တဲ့နည်းပညာ အကူအညီကို ကျွန်တော်တို့မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပံ့ပိုးကူညီ ဆောင်ရွက်တာဖြစ်ပါတယ်။ ယခုကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအားလုံး ယခုလ ၁၄ ရက်နေ့မှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်လို့ အဆိုပါ ကျေးရွာ(၃)ရွာရှိ အိမ်ခြေ ၁၆၈၄ အိမ်မှ လူဦးရေပေါင်း ၈၀၃၃ ဦးအတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ပြီဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောသည်။
ရဲဝင်းနိုင် (ညောင်ဦး)