ဇီးကုန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်

ဇီးကုန်း  နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီက မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှု လျော့ပါးစေရေးအတွက် ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့် ဦးဆောင်သော ဌာန ဆိုင်ရာများ ပူးပေါင်းပါဝင်သော အဖွဲ့များသည် မြို့အဝင်အထွက်တွင် ကိုဗစ်ရောဂါကာကွယ်ရေး စစ်ဆေး ရေးဂိတ်များ ဖွင့်လှစ်စစ်ဆေး၍ ခရီးသွားရာဇဝင်များ မှတ်တမ်းယူထားခြင်း၊ ရောဂါဖြစ်ပွားရာဒေသမှ ပြန်လည်ဝင်ရောက်လာသူများကို  သီးခြား စောင့်ကြည့်ထားရှိပြီး နှာခေါင်းတို့ပတ် အာခေါင်တို့ပတ်များယူ၍ စစ်ဆေးခြင်း၊ လက်ဘက် ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား ညွှန်ကြားချက်များနှင့်အညီ ရောင်းချရေး လိုက်လံ စစ်ဆေးခြင်း၊ နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် နှာခေါင်းစည်းများစနစ်တကျ တပ်ဆင် သွားလာ ရေး Mask Campaign များ ပြုလုပ်၍ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း၊ ရပ်ကွက် ကျေးရွာ များအတွင်း ကိုဗစ်ရောဂါဆိုင်ရာ အသိပေးနှိုးဆော် ဆောင်ရွက်ခြင်းများကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိ သည်။

ယခုအခါ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့ ညှိနှိုင်းဆွေးနွေး၍ စည်ပင်သာယာမြို့မဈေးကြီးအား ယခင် နံနက် ၅ နာရီခွဲမှ မွန်လွဲ ၁ နာရီ အထိ ဖွင့်လှစ်ရောင်းချခဲ့ရာမှ နိုဝင်ဘာ ၂၄ ရက်နေ့မှ စတင်၍ နံနက် ၅ နာရီ ခွဲမှ ညနေ ၄ နာရီအချိန်ထိ ပြောင်းလဲသတ်မှတ် ဖွင့်လှစ်စေခဲ့သည်။ ဈေးရောင်း ဈေးဝယ်များအနေဖြင့် ဈေးအတွင်းဝင်ရောက်ရာတွင် လက်ဆေးရန်နှင့် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန် အထူးကြပ်မတ်ဆောင်ရွက် ထားရှိကြောင်း သိရ သည်။

ဇီးကုန်းမြို့နယ်တွင် ယနေ့အထိ အခြားဒေသမှ ပြန်လည်ဝင်ရောက်လာသူများမှ ပိုးတွေ့လူနာ (၄၁)ဦးရှိခဲ့ သည်။ လက်ရှိမြို့နယ်ပြည်သူ့ဆေးရုံသီးသန့်လူနာခန်းတွင် (၈)ဦး ဆေးကုသမှုခံယူ လျက်ရှိပြီး၊ ကျန်လူနာများမှာ ကျန်းမာရေးသက်သာကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး၊ သေဆုံးမှုမရှိကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တင့်ဆွေ(ပြန်/ဆက်)