ကျောက်တန်း နိုဝင်ဘာ ၂၄
လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်ရောဂါသည် ကမ္ဘာ့နိုင်ငံများတွင် သာမက မြန်မာနိုင်ငံတွင်လည်း လျင်မြန်စွာကူးစက်ပျံ့နှံ့လျက်ရှိရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၄၅၆) ဦး၊ ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၃၈၂)ဦးနှင့် သေဆုံးသူ (၈) ဦးအထိရှိလာပြီဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက ကျောက်တန်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီထံမှ သိရသည်။
ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့ရာမှ ရောဂါပိုးကူးစက်ခံရသူများနှင့် ထိတွေ့မှုမရှိဘဲ ကူးစက်ခံရသူများလည်းရှိလာသဖြင့် ကျောက်တန်း မြို့နယ် အတွင်း ရောဂါပိုးကူးစက် ပျံ့နှံ့မှုအားကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များ ၊ ကျန်းမာရေးဦးစီးဌာနဝန်ထမ်း များ၊ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ဆယ်အိမ်မှူး/ရာအိမ်မှူးများ၊ ပရဟိတအဖွဲ့များနှင့် စေတနာရှင် ပြည်သူများ ပူးပေါင်း၍ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိလိုက်နာနိုင်ရန် နေ့စဉ် အသိပေး လိုက်လံ နှိုးဆော်ခြင်းနှင့် ရပ်ကွက်/ကျေးရွာများရှိလမ်းများတလျောက် ပိုးသတ်ဆေးများဖျန်းပေးခြင်း၊ ပါးစပ် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ အခြေခံစားသောက်ကုန်များ လှူဒါန်း ပေးခြင်းများကို ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် လက်ရှိအချိန်ထိယာယီဆေးကုသရေးစင်တာ(ရွှေမှော်ဝန်း သာသနာ့ ဗိမာန်) တွင် ဆေးကုသမှုခံယူနေသူ( ၆၆ )ဦး၊ စောင့်ကြည့်ရေးစခန်း အထက မြိုင်သာယာတွင် ( ၆၇)ဦး စောင့်ကြည့်လျက်ရှိပြီး ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန်နှင့် မဖြစ်မနေသွားလာရမည်ဆိုပါက ပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာဖုံးအုပ်ရန်၊ အရာဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာ(သို့မဟုတ်) လက်သန့်ဆေးဖြင့် ဆေးကြော ရန်နှင့် ပြည်သူများအနေဖြင့် ညွှန်ကြားချက်များကို အလေးထားလိုက်နာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်ထားရှိကြောင်း သိရှိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)