မင်းဘူး(စကု)မြို့နယ်၊ ရေပေါ်လေးကျေးရွာတွင် နယ်လှည့်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မင်းဘူး   ဇန်နဝါရီ   ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ရေပေါ်လေးကျေးရွာတွင် မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ ပြင်ပဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ နယ်လှည့်အသိ ပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ရေပေါ်လေးကျေးရွာ၊ အထက်တန်း ကျောင်းခွဲတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ နယ်လှည့်အသိပညာပေးဟောပြောပွဲတွင် မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဒေါ်မျိုးမျိုးသွယ်က အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင် (၃) ဒေါ်ချိုချိုဝင်း က စာဖတ်ခြင်းမှရရှိသော အကျိုးကျေးဇူးများ၊ ပြည်သူများအနေဖြင့် အားလပ်ချိန် များတွင် စာပေများဖတ်ရှုကြရန် လိုအပ်ပါကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အချက်အလက်များ၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး၊ သဘာဝဘေး အန္တရာယ် ထိန်းသိမ်းကာကွယ်ရေး၊  စာကြည့်တိုက် ရေရှည်ဖွံ့ဖြိုးရှင်သန်ရေးတို့ကို အသိပညာပေး ဟောပြောခဲ့ပြီး နံရံကပ်စာစောင်များ  ပြသခဲ့ကြောင်း  သိရသည်။

ဆက်လက်၍ မင်းဘူးခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမြင့်ကြည်က စားသုံးသူ ကာကွယ်ပေးရေး ဥပဒေများ၊ ဓာတ်မတည့်ကြောင်း ဆိုးဆေးဖော်ပြချက်များ၊ စံချိန်စံညွန်း အရည်အသွေးမမှီ ထုတ်လုပ်သော ကုန်ပစ္စည်းများတွင် ပါဝင်ရမည့်အချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသူများအား စာသုံးသူရေးရာ အသိပညာပေး လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ခရိုင်ဦးစီးအရာရှိ ဒေါ်မျိုးမျိုးသွယ်နှင့် တာဝန်ရှိသူများသည် အောင်ရတနာ စာကြည့်တိုက်အတွင်းသို့ လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နယ်လှည့် အသိပညာပေး ဟောပြောပွဲသို့  ရေပေါ်လေးကျေးရွာ အထက်တန်းကျောင်းခွဲမှ ကျောင်းသား/သူများနှင့် ပြည်သူလူထု စုစုပေါင်း (၂၆၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စိုးဝင်း(မင်းဘူး)