၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မုံရွာမြို့ပေါ်ရပ်ကွက်များတွင် ကိုယ့်အားကိုယ်ကိုး ကတ္တရာနှင့် ကွန်ကရစ်လမ်း (၁၈၀) ကျော် ခင်းကျင်း ဆောင်ရွက်သွားမည်

မုံရွာ နိုဝင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မြို့ပေါ်ရပ်ကွက်များ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း ကိုယ့်အားကိုယ်ကိုး ကတ္တရာနှင့် ကွန်ကရစ်လမ်း (၁၈၆)လမ်းကို ခင်းကျင်းနိုင်ရေး ရပ်ကွက်နေပြည်သူများနှင့် ညှိနှိုင်းလုပ်ဆောင် ခင်းကျင်းသွားရန် စီစဉ်လျက် ရှိကြောင်း မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့နယ် အမှုဆောင် အရာရှိ ဒုတိယ ညွှန်ကြား ရေးမှူး ဦးထွန်းထွန်းထံမှ  သိရသည်။

 “ကိုယ့်အားကိုယ်ကိုးလမ်းတွေက ရပ်ကွက်နေပြည်သူများရဲ့ ထည့်ဝင်ငွေရယ် စည်ပင် သာယာရေး ကော်မတီက ဘိလပ်မြေအိတ်၊ ကတ္တရာ၊နည်းပညာ အကူအညီတွေပေးပြီး လုပ်ဆောင် ပေးတာဖြစ်ပါတယ်၊ မုံရွာမြို့ပေါ်ရပ်ကွက်တွေက လမ်းတွေက အတော်များ များကို ကွန်ကရစ်လမ်းတွေ၊ ကတ္တရာ လမ်းတွေ ဖြစ်ကုန်ပါပြီ၊  ကျန်တဲ့လမ်းတွေက ရပ်ကွက်အသစ် တိုးချဲ့တဲ့နေရာတွေမှာ ကျန်နေတာများတယ်၊ အဲဒိ ရပ်ကွက်တွေအားလုံး ကိုလည်း လာမဲ့(၇)နှစ်တာကာလအတွင်းမှာ အားလုံးအဆင့်မြှင့်တင်ခင်းကျင်း ပေးသွားမှာ ဖြစ်ပါတယ်၊  အခုနှစ် ကတော့ (၂၅)မိုင်ကျော်ခင်းကျင်းမှာဖြစ်ပါတယ်၊ ပြီးခဲ့တဲ့နှစ်ကတော့ (၂၈)မိုင် ကျော် ခင်းကျင်းခဲ့ပြီးပါပြီ ” ဟု မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်း ထွန်းက ပြောသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်နေ ပြည်သူများ စုပေါင်းအားဖြင့် ကတ္တရာလမ်း(၃)လမ်းနှင့် ကွန်ကရစ်လမ်း (၁၈၃)လမ်း စုစုပေါင်း လမ်းအရှည် (၂၅)မိုင် (၃.၁၂)ဖာလုံအရှည် ခင်းကျင်းရာတွင် ရပ်ကွက်နေပြည် သူများ၏ စုပေါင်းထည့်ဝင်ငွေများနှင့် မြို့နယ် စည်ပင် သာယာရေးကော်မတီမှ ကွန်ကရစ် လမ်း ခင်းကျင်းနိုင်ရန် ဘီလပ်မြေအိတ် (၁၄၇၉၇၅)အိတ်နှင့် ကတ္တရာလမ်းခင်း ကျင်းနိုင်ရေး  ကတ္တရာ(၃၆.၄)တန်အား ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 ဝင်းဦး(ဇေယျာတိုင်း)