မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူး      နိုဝင်ဘာ ၂၄

ပဲခူးမြို့ တောင်ငူလမ်း၊ ရန်ကုန်+မန္တလေး ကားလမ်းမဘေးရှိ ပဲခူးတိုင်းဒေသကြီး မွေး‌မြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အဆောက်အဦးသစ်ဖွင့်ပွဲ အခမ်းအနားအား နိုဝင်ဘာ ၂၄ရက် နံနက် ၈နာရီက ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ကြသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် မွေး‌မြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင့်သူ အမှူးပြုသော ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ရေလယ်ကျောင်းတိုက် ဆရာတော်နှင့် သံဃာတော် အရှင်သူမြတ်များထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှအတမ်း ပေးဝေကြသည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး မွေး‌မြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး‌ ဒေါက်တာဝင့်သူက အဆောက်အဦးသစ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မွေး‌မြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး အဆောက်အဦးသစ်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးအောင်ဇော်နိုင်၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင့်သူနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအက်စတာတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကမ္မည်း‌မော်ကွန်းအား အဆောက်အဦးသစ်အား လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ မွေး‌မြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး အဆောက်အဦးသစ်သည် (၁၅၀'×၄၀'×၂၃')အာစီနှစ်ထပ် အဆောက်အဦသစ်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၃၀၅.၄)သန်းဖြင့် IGE Land Co.,Ltdမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)