တန့်ဆည် နိုဝင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင် အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် မြစိမ်းရောင် အရင်းမပျောက် လည်ပတ် ရန်ပုံငွေစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) များအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများရွေးချယ်ခြင်းကို ယနေ့ နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမင်းက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကြည်ဇင်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်းနှင့် ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းစဉ်များနှင့် ကျေးရွာများရွေးချယ်ရာ၌ လိုက်နာရမည့် အချက် များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က မြစိမ်းရောင်ကျေးရွာ (၂) ရွာနှင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ကျေးရွာ(၁၁)ရွာ အား ကျေးရွာရွေးချယ်ရေး သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ခဲ့ကြသည်။
တန့်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၂၇၁) ကျေးရွာအနက် မြစိမ်းရောင်ကျေးရွာ (၃၂) ရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကျေးရွာ (၃၃) ရွာတို့၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာ(၂)ရွာနှင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာ(၁၁)ရွာအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)