ကလေး နိုဝင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် အင်းစိန်ကျေးရွာတွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကြောင့် နိုဝင်ဘာ (၄) ရက်မှ (၂၀) ရက်အတွင်း ဝက်ကောင်ရေ (၄၃) ကောင်ခန့် သေဆုံးလျက်ရှိကြောင်း မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ သိရသည်။
“အင်းစိန်ကျေးရွာထဲမှာရှိတဲ့ ဝက်ကောင်ရေ (၁၅၈) ကောင်ရေရှိတဲ့အထဲမှာ (၄၃) ကောင်သေဆုံး ပါတယ်၊ သေဆုံးတဲ့အထဲမှာ အကောင်ကြီးတဲ့ဝက်က (၂၁)ကောင်ဖြစ်ပြီးတော့ကျန်တာတော့ ဝက်ပေါက်စလေးတွေပေါ့၊ အခုလိုဝက်တွေသေဆုံးသွားတဲ့အပေါ် ကျွန်တော်တို့ဌာနအနေနဲ့ ကျေးရွာ အထိသွားပြီး ကွင်းဆင်းတယ်၊ သေဆုံးသွားတဲ့ ဝက်တွေထားတဲ့နေရာကို ရောဂါကူးစက် မသွားအောင် ပိုးသတ်ဆေးတွေဖြန်းတယ်၊ နောက်ပြီးတော့ သေဆုံးသွားတဲ့ ဝက်တွေရဲ့ အသားစနမူနာယူပြီးတော့ မန္တလေးမှာရှိတဲ့ တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းကို ပို့ထားပါတယ်၊ လက်ရှိအနေအထားထိတော့ ရောဂါအဖြေ မသိရသေးပါဘူး” ဟု ကလေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာမှိန်းထန်းဇီးက ပြောကြားသည်။
“ကလေးမြို့နယ် အတွင်းမှာရှိတဲ့ ဝက်မွေးမြူရေးလုပ်ကိုင်သူများအနေနဲ့ ဝက်တွေဟာ ရာသီဥတု ပြောင်းလဲတဲ့ဒဏ်ကို မခံနိုင်တဲ့အတွက်ကြောင့် အေးတဲ့အချိန်မှာ ပလက်စတစ်တွေ မိုးကာတွေနဲ့ မိမိတို့ရဲ့ ဝက်ခြံကို နွေးထွေးအောင် ကာထားဖို့လိုအပ် ပါတယ်၊ ကျွေးမဲ့ဝက်စာတွေကိုလည်းနာရီဝက် လောက်အပူပေးရပါမယ်၊ နောက်ပြီးတော့ ဝက်ခြံတွေသန့်ရှင်းအောင်ထားဖို့လည်း လိုအပ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
ကလေးမြို့နယ်အတွင်းရှိ ဝက်များကို ချင်းပြည်နယ်မြောက်ပိုင်းမြို့နယ်(၅)မြို့နယ်၊ တမူးခရိုင်၊ ဟုမ္မလင်း ခရိုင်တို့အပြင် အိန္ဒိယနိုင်ငံ မီဇိုးရမ်ပြည်နယ်အထိ တင်ပို့ရောင်းချသည့်အတွက်ကြောင့် ဝက်မွေးမြူရေး လုပ်ငန်းသည် ဒေသခံပြည်သူများ၏ စီးပွားရေးကို အထောက်အကူပြုသည့် လုပ်ငန်း တစ်ရပ်ဖြစ်ကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)