ကြည့်မြင်တိုင် နိုဝင်ဘာ ၂၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား ပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်များအတွင်းသို့ ကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် မြို့နယ်အတွင်း ကမ်းနားလမ်း သရက်တော(၃)လမ်းထိပ်၊ နတ်စင်လမ်း (၂)နေရာခွဲ၍ လှည့်လည်ရောင်းချရာ မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ ကြီးကြပ်၍ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ စျေးရောင်းချမှုအား မြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စည်ပင်(စီမံ) ဌာနခွဲမှူး ဦးသန်းဦး၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ရင်တို့မှ ကြည့်ရှုအားပေးပြီး ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ သား၊ ငါးနှင့် မီးဖိုချောင်သုံး စားသောက်ကုန်များကို ရပ်ကွက်များအရောက် Mobile Market စျေးရောင်းယာဉ်များဖြင့် လှည့်လည်ရောင်းချပေးမှုအား အလှည့်ကျဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခိုင်ဇာလင်း(ပြန်/ဆက်)