မင်းဘူး နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် (နိုဝင်ဘာ ၂၄ ရက်) ယမန်နေ့ ညပိုင်းက အသွား အလာ ကန့်သတ်ထားရှိသော Quarantine Centre များမှ ရန်ကုန်ပြန် (၅) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ကံက အတည်ပြုပြောကြားသည်။
ပိုးတွေ့ရှိသူများမှာ ရန်ကုန်မြို့က ပြန်လာသူများဖြစ်ပြီး ဆင်ခေါင်း (အ.ထ.က)၊ ကုလားပါး (အ.လ.က) နှင့် ရေပုတ်ဘုန်း တော်ကြီးကျောင်း Quarantine Centre များတွင် အသွားအလာ ကန့်သတ်ထားရှိပြီး ပြင်ပနှင့် ထိတွေ့ဆက်စပ်မှုမရှိကြောင်း သိရသည်။
ပိုးတွေ့အတည်ပြုလူနာများ၏ ဓါတ်ခွဲနမူနာများကို ရန်ကုန်အမျိုးသား ကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲမှုဌာန (NHL) သို့ နိုဝင်ဘာ (၂၂)ရက်နေ့က ပေးပို့စစ်ဆေးခဲ့ရာ နိုဝင်ဘာ ၂၄ ရက် ညပိုင်းတွင် ရောဂါပိုးတွေ့ အဖြေသိရှိခဲ့ကြောင်း၊ ပိုးတွေ့ရှိသူများမှာ ဆင်ခေါင်းကျေးရွာမှ အမျိုးသားတစ်ဦး၊ ကုလားပါးကျေးရွာမှ အမျိုးသမီးတစ်ဦးနှင့် ရေပုတ်ကျေးရွာမှ အမျိုးသမီးသုံးဦး တို့ဖြစ်ပြီး ခရိုင် ပြည်သူ့ဆေးရုံ သီးသန့်ဆောင်၌ ဆေးကုသပေးထားကြောင်း ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ တင့်ခိုင်က ပြောသည်။
မင်းဘူးမြို့တွင် နိုဝင်ဘာ (၂၅)ရက် နံနက်ပိုင်းအချိန်ထိ ပိုးတွေ့အတည်ပြုလူနာ (၁၁၁)ဦး အထိ တွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၉၂)ဦးရှိကာ သေဆုံးသူ နှစ်ဦးရှိထားကြောင်းခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)