မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

လှိုင်းဘွဲ      ဇန်နဝါရီ  ၉

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါး ပပျောက်ကင်းစင်ရေးအတွက် နယ်လှည့်အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က တာပေါင်ကျေးရွာအုပ်စု ကော့လာ(အထက)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အကြောင်းအရာများ၊ မူးယစ်ဆေးဝါး သည် ဖြန့်ဖြူးသူအားကောင်းပေမဲ့ ဝယ်ယူသုံးစွဲသူမရှိရင် တစ်ဖြည်းဖြည်း ပပျောက်သွားမည် ဖြစ်ကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသားလူငယ်များအနေဖြင့် မိမိတို့၏ရည်ရွယ်ချက်၊ ရည်မှန်းချက် ထားတတ်စေရန် လည်းကောင်း၊ ထီလုံစခန်းမှူး ဒုရဲအုပ်ဝင်းနိုင်က မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ပြစ်မှု၊ ပြစ်ဒဏ်များကိုလည်းကောင်း အသီးသီးရှင်းလင်း ဟောပြောခဲ့သည်။

ဆက်လက်ပြီး ကျောင်းသားကျောင်းသူများက မိမိသိချင်သောမေးခွန်းများအား မေးမြန်းစေ၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနက ပြသထားသော နံရံကပ်စာစောင်၊ ဓာတ်ပုံပြဘုတ်များအား ကျောင်းသား/သူများက လေ့လာကြည့်ရှုခဲ့ကြသည်။ ဟောပြောပွဲတွင်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ ထီလုံစခန်း မှူး ဒုရဲအုပ်ဝင်းနိုင်၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်၊ ဆရာ/မများနှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း (၆၅၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းသန်း(ပြန်/ဆက်)