ပုလဲ ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာအုပ်စု၊ သရက်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဦးစီးအရာရှိဦးဇော်မင်းဦးနှင့် ဝန်ထမ်းများသည် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေကြီးကြပ်မှု ကော်မတီရွေးချယ်ပွဲကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကျေလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းဦးက သရက်ကျေးရွာနှင့် အလယ်ဘုံကျေးရွာများအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကို ကျေးရွာ တစ်ရွာလျှင် ငွေကျပ်သိန်း ၃၀၀ နှုန်းဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ရရှိခဲ့ခြင်းကြောင်း လုပ်ငန်းများဆောင်ရွက်ချိန်တွင် အဆင်ပြေစေရေးအတွက် ရန်ပုံငွေကြီးကြပ်မှု ကော်မတီဖွဲ့စည်း ရွေးချယ်ခြင်းလုပ်ငန်းများကို ကျေးရွာ နေပြည်သူများ၏ဆန္ဒနှင့်အညီ ပွင့်လင်းမြင်သာစွာဖြင့် ရွေးချယ်ဖွဲ့စည်းနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ သရက်ကျေးရွာနှင့်အလယ်ဘုံကျေးရွာများတွင် ရန်ပုံငွေကြီးကြပ်မှုကော်မတီ ဖွဲ့စည်းပြီးပါက မြို့နယ်ရုံး၌ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ဖွင့်လှစ်သင်ကြား ပို့ချပြီးနောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများကို ကျေးရွာများသို့ လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အကြီးတန်းစာရေး ဦးဖြိုးဖြိုးကျော်က မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေကြီးကြပ်မှု ကော်မတီ ရွေးချယ်မည့် နည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာနေပြည်သူများ၏ဆန္ဒနှင့်အညီ ပွင့်လင်းမြင်သာစွာဖြင့်သရက်ကျေးရွာ မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။
ပုလဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အေးချမ်းသာကျေးရွာ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဇေတီယျုံကျေးရွာ၊ ကြောင်သန်းကျေးရွာ၊ သပြေရေကျေးရွာ၊ ဇီးဖြူကုန်း(တ)ကျေးရွာ၊ နွယ်အင်းကျေးရွာ၊ ဖလံပင်ကျေးရွာ၊ မိုးကောင်းကျေးရွာ၊ အင်းကန်ကျေးရွာ၊ ဝမ်းဘဲချိုင့်ကျေးရွာ၊ ရွာနောင်ကျေးရွာ၊ ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်တွင် သရက်လှကျေးရွာ၊ ကံရိုးကျေးရွာ၊ လုပ်သားကျေးရွာ၊ ပဲခင်းမကျေးရွာ၊ ကြူခြံကျေးရွာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကံကြီးကျေးရွာ၊ နွားကူးကျေးရွာ၊ ကမ္ဘားရပ်ကျေးရွာ၊ ပုပ္ပါကျေးရွာ၊ ကုန်းကျေးရွာ၊ ဦးနှောက်ကျေးရွာ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အိုင်ရောင်းကျေးရွာ၊ ကြိုးကြာဥကျေးရွာ၊ ဇီးဖြူကုန်း(မ)ကျေးရွာ၊ ချောင်းနားကျေးရွာ၊ နှောရိုးကျေးရွာ၊ မဲဇရပ်ကျေးရွာနှင့် လိန်ကုန်းကျေးရွာများရှိ ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရန်၊တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံစေရန်နှင့် အာဟာရပြည့်ဝစေရန်တို့ကို ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများကို ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၃၀၀ နှုန်းဖြင့်ထူထောင်ပေးခဲ့ပြီး၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သရက်ကျေးရွာနှင့်အလယ်ဘုံကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများကို ထူထောင် ပေးမည်ဖြစ်ကြောင်း သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)