စေတုတ္တရာမြို့တွင် ဌာနဆိုင်ရာများ၏ (၁၈) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ ကျင်းပ

စေတုတ္တရာ      နိုဝင်ဘာ    ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့တွင် မြို့နယ်ဌာနဆိုင်ရာများ၏ (၁၈)ကြိမ် မြောက် စုပေါင်းမဟာဘုံ ကထိန်ပွဲကို ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများနှင့်အညီ ယနေ့နံနက်(၉) နာရီအချိန် က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်တို့နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ် ရွက်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ကာ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဦးမဏ္ဍလထံမှ ဧည့်ပရိတ်သတ် အပေါင်းတို့က ငါးပါးသီလဆောက်တည်ခံယူခဲ့ပြီး တရားတော်များ နာယူခဲ့ ကြကြောင်း သိရသည်။ ထို့နောက် မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ အမှူးပြုသော ကထိန်သင်္ကန်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများအား ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့တွင် မြို့နယ်ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန်ပွဲကို နှစ်စဉ်စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ သော်လည်း ယခုကာလသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်သည့် အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်း ချုပ်ရေး နည်းလမ်းများနှင့်အညီ လူဦးရေ (၃၀) ထက်မပိုဘဲ အကျဉ်းမျှသာ ကျင်းပခြင်းဖြစ်ပြီး ကျန်ရှိသော ဘုန်းတော်ကြီးကျောင်း (၁၆)ကျောင်းသို့ ကထိန် သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုငွေများအား ကျောင်းများအရောက် လိုက်လံ ဆက်ကပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူလွင် (ပြန်/ဆက်)