လမိုင်းမြို့ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး

လမိုင်း နိုဝင်ဘာ ၂၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက် ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ တားဆီးရေး ဆိုင်ရာ စံသတ်မှတ် ချက်များနှင့် ကိုက်ညီပြီး (A) အဆင့် သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်များအား ပြန်လည် ဖွင့်လှစ်ခွင့်ပြုနိုင်ရေးအတွက်  ယမန်နေ့ ညနေ (၅) နာရီခန့်က ဌာနဆိုင်ရာ များနှင့် တာဝန်ရှိသူများ လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဧရာမင်းဦး၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့ ဦးစီးအရာရှိ ဒေါ်မိုးစန္ဒာရွှေ၊ မြို့အုပ်ချုပ်ရေးမှူးဦးညီညီမင်း ကျန်းမာရေး ဝန်ထမ်းများနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း (A)အဆင့် သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ် ခွင့်ပြုနိုင်ရေးအတွက် ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေး စည်းကမ်းချက်များ၊ ဆိုင်အဝင် အထွက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ပိုစတာ ဆိုင်ဘုတ်များ တပ်ဆင်ထားရန်၊ လက်ဆေးဘေစင်များ၊ Hand Gel လက်သန့်ဆေးရည်များ ထားရှိရန်၊ Mask နှင့် Face Shield တပ်ဆင်ရန် စသည့် စံသတ်မှတ်ချက် များနှင့် ကိုက်ညီမှု ရှိ/မရှိကို လိုက်လံစစ်ဆေး ဆောင်ရွက် ခဲ့ကြသည်။

လမိုင်းမြို့အတွင်း (A) အဆင့်သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင်နှင့် လက်ဖက် ရည်ဆိုင် များအား ပြန်လည်ဖွင့်လှစ်နိုင်ရေး ကျန်းမာရေးဌာနက ထုတ်ပြန်ထားသော စံနှုန်းများ လိုက်နာ ဆောင်ရွက်ခြင်းနှင့် သန့်ရှင်းသပ်ရပ်စွာ စနစ်တကျ ရောင်းချကြရန် ပညာပေးခြင်းဖြင့်  တာဝန်ရှိ သူများက စစ်ဆေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

လမိုင်း(ပြန်/ဆက်)