အပူပိုင်းဇုန်အတွင်းရှိ မြစ်ချောင်းများနှင့် ဆည်များကို အထောက်အကူဖြစ်စေမည့် ရေဝေရေလဲ စိုက်ခင်း ဧက (၃၀၀) စိုက်ပျိုးသွားမည်

မုံရွာ နိုဝင်ဘာ ၂၅

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အပူပိုင်းဇုန်သို့ ကျရောက်လျက်ရှိသော စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ခရိုင်(၂)ခုတွင် ရေဝေရေလဲစိုက်ခင်းများအဖြစ် ဧက(၃၀၀)ကို ဖော်ဆောင် စိုက်ပျိုးနိုင်ရေး စီစဉ်လျက် ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦး၏ ပြောကြားချက်အရ သိရသည်။

ရေဝေရေလဲဒေသများ ရှိသစ်တော ပေါက်ရောက်မှု နည်းပါးသည့် နေရာများတွင် ဘဏ္ဍာနှစ် အလိုက် သစ်တောစိုက်ခင်းများ ပြန်လည်စိမ်းလန်းစိုပြည်လာစေရန်၊ မြေဆီလွှာဆုံးရှုံးမှုများ ကို လျော့ချပေးနိုင်ရန်၊ အပူရှိန်များကိုလျော့ချပေးနိုင်ရန်နှင့် မြေအောက်ရေခမ်းခြောက်မှု များကို ထိန်းသိမ်းနိုင်ရန် ရေဝေရေလဲ စိုက်ခင်း များကို တည်ထောင် စိုက်ပျိုးခြင်းဖြစ် ကြောင်း သိရသည်။

“အပူပိုင်းဒေသမှာ ပြန်လည်စိမ်းလန်းစိုပြည်လာစေဖို့နဲ့ ဒေသအတွင်းမှာရှိတဲ့ ဆည်မြောင်း၊ ကန်တွေ၊ ချောင်း တွေနဲ့မြစ်တွေရဲ့ ရေဝေရေလဲဒေသတွေ ပြန်လည်စိမ်းလန်းစေဖို့ စိုက်ပျိုး ပေးတာဖြစ်ပါတယ်၊ အခုအခြေအနေ မှာတော့ သစ်ပင်တွေစိုက်ပျိုးနိုင်ဖို့ နေရာတွေကို ကွင်းဆင်းစစ်ဆေးတယ်၊ နေရာတွေ သတ်မှတ်ပြီး လာမဲ့မိုးရာသီအမှီ စိုက်ပျိုးနိုင်ဖို့ သစ်ပင်ကျင်းတူးတာတွေ လုပ်ဆောင်နေပြီ၊ ပျိုးပင်တွေလည်း စုဆောင်းနေပါပြီ ” ဟု စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦးက ပြောသည်။၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဇုန်အတွင်း ကျရောက် လျက်ရှိသော ရွှေဘိုခရိုင်အတွင်းရှိ ရေဦးမြို့နယ်တွင် (၇၅)ဧက၊ ဒီပဲယင်းမြို့နယ်တွင် (၅၀) ဧက၊ ကန့်ဘလူမြို့နယ်တွင် (၂၅) ဧကနှင့် တန့်ဆည်မြို့နယ်တွင် ဧက (၁၀၀) အား လည်း ကောင်း၊ စစ်ကိုင်းခရိုင် အတွင်းရှိ စစ်ကိုင်းမြို့နယ်တွင် ဧက(၅၀)အား လည်းကောင်း မိုးရာ သီအမီ စိုက်ပျိုးနိုင်ရေး စီစဉ်လျက် ရှိကြောင်းသိရသည်။

ဝင်းဦး(ဇေယျာတိုင်း)