ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြည်ကြီးချမ်းသာ မဟာစေတီတော်တွင် (၂၄)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပမည်

ရန်ကုန်   ဇန်နဝါရီ   ၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၁၆) ရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ ပြည်ကြီးချမ်းသာမဟာစေတီတော် (မြို့ဦးစေတီတော်) တွင် (၂၄)ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်မှ စတင်ကျင်းပလျက်ရှိရာ မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇန်နဝါရီ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် အဆိုပါ စေတီတော်ရင်ပြင်တွင် ကျင်းပမည်ဖြစ်ကြောင်း စေတီတော်ဂေါပကအဖွဲ့ထံမှ သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပရိဝေဓ(၃)ရပ်သော သာသနာ့ဝန်ထမ်းဆောင်နေကြသည့် ဘုရားအမှူးရှိသော ပင့်သံဃာ(၁၀၉)ပါးတို့အား ဆွမ်းဆန်စိမ်းလောင်း လှူပွဲ ကျင်းပမည်ဖြစ်၍ ဆွမ်းဆန်စိမ်းနှင့် မိမိတို့နှစ်သက်ရာ ဒါတဗ္ဗဝတ္တုအစုစုတို့ဖြင့် လောင်းလှူ ပူဇော်ကုသိုလ်တော်ယူနိုင်ကြောင်း သတင်းရရှိသည်။

မြင့်ရီ(ပြန်/ဆက်)