အင်းတော်မြို့နယ် လယ်ပြင်ကျေးရွာအုပ်စု ဂဟဲ-ရွာဟောင်းကျေးရွာတွင် မြစိမ်းရောင် ကျေးရွာ စီမံကိန်း စတုတ္ထစက်ဝန်းကာလ ချေးငွေများထုတ်ပေး

အင်းတော်  နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော လယ်ပြင်ကျေးရွာအုပ်စု ဂဟဲ-ရွာဟောင်းကျေးရွာအတွင်းရှိ ဒေသခံ ပြည်သူများ အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း စတုတ္ထစက်ဝန်းကာလ ချေးငွေများကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့က အဆိုပါ ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းဆောင်တွင် ထုတ်ပေးခဲ့ ကြောင်း သိရသည်။

အင်းတော်မြို့နယ် အနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာပေါင်း (၂၇ ) ရွာတွင် ( ၂၆ ) ယူနစ်ဖြင့် ဆောင်ရွက်ထားရှိကြောင်း၊  ဂဟဲ-ရွာဟောင်းကျေးရွာအနေဖြင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို   ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်တွင် စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ယခုနှစ်တွင် စတုတ္ထနှစ်စက်ဝန်းသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ကျေးရွာသူ ကျေးရွာသား များအား ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ် နိုင်ရေးအတွက် အစီအမံများ ပြုလုပ်ဆောင်ရွက်၍ မြစိမ်းရောင် ကျေးရွာ စီမံကိန်းချေးငွေများကို ထုတ်ချေး ပေးရခြင်းဖြစ်ကြောင်း၊ ဂဟဲ-ရွာဟောင်း ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ချေးငွေဖြင့် လုပ်ငန်းဆောင်ရွက်မည့် စိုက်ပျိုးရေး လုပ်ငန်း ဆောင်ရွက်မည့်သူ ၄၈ ဦးအတွက် ငွေကျပ် (၂၀၉၀၀၀၀၀)၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့်သူ ၃၉ ဦးအတွက် ငွေကျပ် (၂၂၆၅၀၀၀၀)၊ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်မည့်သူ ၂ ဦး အတွက် (၇၀၀၀၀၀) စုစုပေါင်း ၈၉ ဦး ရှိပြီး ချေးငွေကျပ် ( ၄၄၂၅၀၀၀၀ ) အား ဆောင်ရွက်မည့် လုပ်ငန်းများအလိုက် ချေးငွေများကို ထုတ်ပေးခဲ့ကြောင်း အင်းတော်မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီး ဒေါ်ခင်ဝါမိုးက ပြောပြခဲ့သည်။

အင်းတော်မြို့နယ် အနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ယနေ့အထိ ကျေးရွာပေါင်း (၂၇) ရွာတွင် ယူနစ် ( ၂၆ ) ယူနစ်ဖြင့် ဆောင်ရွက်ထားရှိပြီး ယခုလာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာ ( ၂ ) ရွာ ထပ်မံဆောင်ရွက်သွားမည် ဖြစ်ရာ အင်းတော်မြို့နယ် အတွင်းတွင် မြစိမ်းရောင်စီမံကိန်း ယူနစ် (၂၈) ယူနစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

ခန့်ဇော်ပိုင်