“သံဃမာတာ” ဘွဲ့တံဆိပ်နှင့် စလွယ်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မန္တလေး ဇန်နဝါရီ ၉

 “သံဃမာတာ” ဘွဲ့တံဆိပ်နှင့် စလွယ်ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ်၊ ကုသိုလ်တော်ဘုရား တောင်ဘက်တန်ဆောင်းတွင်ကျင်းပသည်။

အခမ်းအနားကို ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူခြင်း၊ မေတ္တာသုတ်နှင့် အန္တရာယ်ကင်း ပရိတ်တော်များနာယူခြင်းဖြင့် ဖွင့်လှစ်သည်။ ဂေါပကအဖွဲ့ဥက္ကဋ္ဌ သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်ဝင်းမှ ဂုဏ်ပြုပွဲ ပြုလုပ်ရခြင်းအပေါ် လျှောက်ထားခြင်းနှင့် အလှူရှင်ဒေါ်စောရင်အား “သံဃမာတာ” ဘွဲ့တံဆိပ်နှင့် စလွယ်ဂုဏ်ပြုချီးမြှင့်ပြီး အလှူရှင်မှ ကျေးဇူးတင်စကားလျှောက်ထားကာ ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

နှစ်စဉ်ကျင်းပမြဲဖြစ်သော မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းသပိတ်လောင်းလှူပွဲတွင် အလှူဒါယိကာမဒေါ်စောရင်သည် ၂၀၁၅ ခုနှစ်မှ  ၂၀၁၈ခုနှစ်ထိ နှစ်စဉ် ငွေကျပ် ၉၆ သိန်း ကျပ်တိတိ လှူဒါန်းခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ငွေကျပ် ၉၃ သိန်းကျပ်တိတိ လှူဒါန်းခဲ့ကြောင်း သိရသည်။

တင်ဇာလှိုင်