လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

လိပ်သို    နိုဝင်ဘာ    ၁၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကျောင်းသား/ကျောင်းသူများ နေ့ထူးနေ့မြတ်များကို တန်ဖိုးထားတတ်စေရန်နှင့် လေ့လာမှတ်သားနိုင်စေရေး အတွက်  နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ကျရောက်မည့်  (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက  လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က  ကျောင်းသား/ကျောင်းသူများ မိမိနိုင်ငံ၏ အထိမ်းအမှတ် နေ့ထူးနေ့မြတ်များကို သိရှိနိုင်စေရန်၊ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊  အနာဂတ်မျိုးဆက်သစ်လူငယ်များအနေဖြင့်  မိမိနိုင်ငံနှင့် မိမိလူမျိုး ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံ့ရန်၊ အမျိုးသားရေးစိတ်ဓာတ်ရှိရန် လိုအပ်ကြောင်းနှင့် အမျိုးသားနေ့နှင့်ပတ်သက်သည့် မှတ်သားဖွယ်ရာများအား  ပညာပေးဟောပြောခဲ့သည်။

ထို့နောက် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြသထားသော နံရံကပ်စာစောင်များအား ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ လူငယ်များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ်