ကျောက်ထုမြို့ဒေသ လေးကျေးရွာ လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ပြီ

ကျောက်ထု နိုဝင်ဘာ ၂၅

ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသတွင် ရပ်ကွက်၊ ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရေး ၂၀၁၉ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ယမန်နေ့တွင် လေးကျေးရွာသို့ လျှပ်စစ်ဓာတ်အား ရောက်ရှိ သုံးစွဲနိုင်ပြီဖြစ်ကြောင်း ကျောက်ထုမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။

ထိုသို့ ဆောင်ရွက်ရာ၌ ယခုနှစ်ကုန်တွင် ရပ်ကွက်၊ ကျေးရွာ ၃၀ တွင် မီးလင်းနိုင်ရေးဦးတည်ခဲ့ရာ ရပ်ကွက်၊ ကျေးရွာ ၂၉ ခုတို့သို့ လျှပ်စစ်မီးရောက်ရှိနေပြီဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာ၌ အမျိုးသား လျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း (NEP Phase-1) အစီအစဉ်ဖြင့် ကျေးရွာ ၈ ရွာနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာ ၂၂ ရွာတွင် မီးလင်းနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။

လေးကျေးရွာမှာ (NEP Phase-1) အစီအစဉ်ဖြင့် မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ပြီး အိမ်ခြေ ၇၈ အိမ်ထောင်စုရှိကာ ကျေးရွာနေပြည်သူ ၃၈၆ ဦးတို့ လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်များ ရရှိနိုင်ပြီဖြစ်ကြောင်း သိရသည်။

မောဟေမာန် (ပြန်ဆက်)