ပွင့်ဖြူ နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် ရည်ရွယ်ဖွင့် လှစ်သည့် ကြားဖြတ်တိရစ္ဆာန် ကောင်ရေစာရင်း ကောက်ယူရေး ဆင့်ပွားသင်တန်းကို နိုဝင်ဘာ ၂၄ ရက် ၊ နံနက် ၉ နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးက ကြားဖြတ်တိရစ္ဆာန် ကောင်ရေစာရင်းကောက်ယူရေး ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးပြောကြားသည်။
ထို့နောက် သင်တန်းကို ဖွင့်လှစ်ကာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးနှင့် ဝန်ထမ်းများ အဖွဲ့က တက်ရောက်လာသည့် လူထုတိရစ္ဆာန်ကျန်းမာရေးလုပ်သားများအား ကြားဖြတ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရာတွင် သိရှိလိုက်နာရမည့်အချက်များနှင့် စနစ်တကျ စာရင်းကောက်ယူနည်းစနစ်များကို စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြား ပေးခဲ့ပြီး သိရှိလိုသည့် မေးခွန်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ သင်တန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ လူထုတိရစ္ဆာန်ကျန်းမာရေးလုပ်သား ၂၃ ဦး တက်ရောက်ခဲ့ ကြောင်း သိရပြီး သင်တန်းအား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပို့ချ သင်ကြားပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး )