တောင်ယမားရေလှောင်တမံရေစိမ့်ဝင်မှုကြောင့် ပြောင်းရွှေ့ကျေးရွာများအား အိမ်ယာမြေကွက်များ ခွဲဝေပေး

မြိုင်      ဇန်နဝါရီ           ၉

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် တောင်ယမားရေလှောင်တမံရေစိမ့်ဝင်မှုကြောင့် ပြောင်းရွှေ့ကျေးရွာများအား အိမ်ယာမြေကွက်ခွဲဝေပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ငါးလင်းစေ့ကျေးရွာပြောင်းရွှေ့နေရာ၌ ပြုလုပ်ခဲ့သည်။

ပထမဦးစွာ ပြည်သူ့လွှတ်တော် လွှတ်တော်ကိုယ်စားလှယ် ဦအောင်ခင်ဝင်းကရေလှောင်တမံ ရေစိမ့်ဝင်မှုကြောင့် ကြုံတွေ့ရမည့် ဘေးအန္တရာယ်၊ ဆိုးကျိုးများအကြောင်း ယင်းကြောင့်ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်က ပြောင်းရွှေ့ကျေးရွာတည်ထောင်မည့်နေရာ သတ်မှတ်အကွက်ချထားသည့် အိမ်မြေနေရာများ၊ စည်းမျဉ်းစည်းကမ်းများ အကြောင်းရှင်း လင်းပြောကြားပြီး ကျေးရွာပြောင်းရွှေ့ခြင်းနှင့်ပတ်သက်၍ အခက်အခဲများရှိပါက သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ကူညီပံပိုးပေးသွားမည် ဖြစ်ကြောင်းနှင့် ပခုက္ကူခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာရွှေက ရွှေ့ပြောင်းအိမ်ရာများဒုက္ခမဖြစ်စေရေး အတွက်ကြိုတင်ကာကွယ်ရန် နည်းလမ်းများအကြောင်းတို့ကို ပြောကြားခဲ့ကြသည်။

ထို့နောက် ပြောင်းရွှေ့ကျေးရွာများဖြစ်သည့်ငါးလင်းစေ့ကျေးရွာ၊ ပေါက်ရင်းကျေးရွာများမှ အိမ်ထောင်စုများ အား ပြည်သူလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများက မဲစနစ်ဖြင့် အိမ်မြေနေရာများအား စနစ်တကျ ခွဲဝေပေးခဲ့ကြကြောင်းသိရသည်။

အေတီအာ(IPRD)