ကလေးမြို့နယ် အင်းစိန်ကျေးရွာတွင် ဝက်များသေဆုံးမှုသည် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် သေဆုံးကြောင်း ဓာတ်ခွဲစစ်‌ဆေးချက် အရ အတည်ပြု

ကလေး နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အင်းစိန်ကျေးရွာတွင် ဝက်ကောင်ရေ (၄၃) ကောင်ခန့် သေဆုံးခဲ့မှုကြောင့် တိရစ္ဆာန်ရောဂါ ရှာဖွေရေးဓာတ်ခွဲခန်း (မန္တလေး) သို့ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ရာ အာဖရိကဝက်အပြင်းဖျားရောဂါ အဖြစ်အတည်ပြုခဲ့ကြောင်း ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနရုံးမှ သိရသည်။

“အင်းစိန်ကျေးရွာမှာ အခုလိုဝက်တွေသေဆုံးရတာဟာ အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် သေဆုံး သွားတယ်လို့ သတ်မှတ်ထားပြီး ဖြစ်တဲ့ အတွက်ကြောင့် ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး စီမံချက် တွေအတိုင်း ဆောင်ရွက်သွားပါမယ်။ တောဝက်သားရောင်း ဝယ်တာကိုလည်းတား မြစ်သွားရပါမယ်၊ ဝက်အသေသားရောင်းချတာ၊ ဝယ်ယူတာတွေ မပြုလုပ်ကြဖို့နဲ့၊ နောက်ပြီးတော့ ဝက်ရောင်းဝယ်ပြီး ပို့ဆောင်တဲ့ အဝင်အထွက်တွေကိုလည်း တားဆီးသွားပါမယ်” ဟု ခရိုင်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး  ဦးမြင့်ဝင်းက ပြောကြားသည်။

အာဖရိကဝက်အပြင်းဖျားရောဂါ ပြန့်ပွားမှုသည် ရောဂါဖြစ်ပွားသောဝက်၏ အသေသားများ ရောင်းချမှုမှ တဆင့် အိမ်များသို့ရောက်ရှိသွားပြီး ဝက်အသေသားများကို ရေဆေးရာမှသော် လည်းကောင်း၊ ချက်ပြုတ်ပြီး၍ အကြွင်းအကျန်များကို ဝက်စာအိုးများအတွင်း စွန့်ပစ်မှုကြောင့် သော်လည်းကောင်း အခြားဝက်များသို့ ကူးစက်နိုင်ကြောင်းသိရသည်။

ရောဂါလက္ခဏာများအနေဖြင့် နာတာရှည်ကူးစက်ခံရသောဝက်များတွင် ခြေလက်အဆစ် ရောင်ခြင်း၊ အရေပြားအနာဖြစ်ခြင်း၊ အရေပြား (နားရွက်၊ အမြှီး၊ ဝမ်းဗိုက်) နီရဲခြင်း၊ ကိုယ်အပူချိန် မမှန်ခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်း၊ ရုတ်တရက်ကူးစက်ခံရသော ဝက်များတွင် အရေပြား နီရဲခြင်း၊ ပန်းခရမ်းပြာရောင်ပြောင်းကာ ရုတ်တရက်သေဆုံးခြင်းများ ဖြစ်ပေါ်တတ်ကြောင်း သိရသည်။

ထန်းဖုန်(ပြန်/ဆက်)