မကွေး နိုဝင်ဘာ ၂၆
မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ တဖြည်းဖြည်းစိပ်လာသည့် အတွက် ပိုးတွေ့လူနာပေါင်း (၁၂၈၅) ဦး ထိရှိလာပြီး တိုင်းဒေသကြီးအတွင်း မြို့နယ် အသီးသီးမှာ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း တိုင်းဒေသ ကြီးကျန်းမာရေးဦးစီးဌာနက သိရသည်။
နိုဝင်ဘာ ၂၄ ရက် မနေ့က တစ်ရက်ထဲမှာ ပိုးတွေ့လူနာ(၁၀၅)ဦးအထိ တွေ့ရှိခဲ့တာပါ၊ ဒီကနေ့ မှာတော့ NHL နဲ့ RDT စစ်ဆေးမှုများအရ ပိုးတွေ့အတည်ပြုလူနာ(၇)ဦး ထပ်မံတွေ့ရှိခဲ့တာပါ၊ ပိုးတွေ့သူတွေက စလင်း(၂)ဦး၊မကွေး (၁)ဦး၊သရက် (၁)ဦး၊ ပွင့်ဖြူ (၁)ဦးနဲ့ အောင်လံမြို့နယ်က (၂) ဦး တို့ဖြစ်ပါတယ်၊ ပိုးတွေ့လူနာတွေထဲက သရက်(၁)ဦး၊ ပွင့်ဖြူ (၁) ဦးနဲ့ အောင်လံမြို့နယ် (၁) ဦးတို့က (RDT) နဲ့ စစ်ဆေးခဲ့တဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေဖြစ်ပြီး ကျန်သူတွေက ရန်ကုန်ပြန် (Quarantine Centre)တွေကဖြစ်ပါတယ်၊ ဒီနေ့အထိ မကွေးတိုင်းဒေသကြီး အတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း (၁၂၈၅) ဦး ရှိပြီဖြစ်တယ်လို့ တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက အတည်ပြု ပြောကြားသည်။
ပိုးတွေ့ လူနာတွေထဲမှာ ကလေးငယ်လေးတွေ ပါလာရင် အတော်လေး စိတ်မကောင်း ဖြစ်ရပါ တယ်၊ဒီနေ့လည်း ကျွန်တော်တို့ မကွေးမြို့နယ် ပိုးတွေ့လူနာတွေထဲမှာ ကလေး(၂)ဦး ပါ ပါတယ်၊ မကွေးမြို့နယ် ကြောင်ပျောက်ကျေးရွာက ၉ နှစ်အရွယ် ကလေးတစ်ဦးနဲ့ မကွေးအောင် မေတ္တာက မိဘနဲ့အတူ Q ဝင်နေတဲ့ ၂ နှစ် အရွယ် ကလေးတစ်ဦးတို့ ဖြစ်ပါတယ်၊ ၂ နှစ် ကလေးကတော့ ကလေးရော အဖေဖြစ်သူရော ပိုးတွေ့ရှိလို့ ကလေးအတွက် မစိုးရိမ်ရပေမယ့် ကြောင်ပျောက်ရွာက ၉ နှစ် ကလေးငယ်ကတော့ ရန်ကုန်ပြန်တွေ အများကြီး စစ်ရာက သူ တစ်ဦးထဲ Positive ဖြစ်ခဲ့တာပါ၊ အဲဒီပိုးတွေ့လူနာတွေကို မြို့နယ်ကျန်းမာဦးစီးဌာနရဲ့ ညွှန်ကြားမှုနဲ့ မကွေးတိုင်းဆေးရုံကြီးနဲ့ မကွေးသင်ကြားရေးဆေးရုံကြီးတွေကို ကျွန်တော်တို့ KS Rescue Magway လူမှုကယ်ဆယ်ရေး အသင်းကားနဲ့ ကူညီပို့ဆောင်ပေးခဲ့ပါတယ်ဟု ကိုစည်ဖြိုးသူကပြာသည်။
မကွေးတိုင်းဒေသကြီးအတွင်း ယခုအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း(၁၂၈၅)ဦးထိ ရှိလာပြီး၊ တိုင်းဒေသကြီးက ဆေးရုံ အသီးသီးမှာ ဆေးရုံတက်ရောက်ဆဲ(၃၅၂)ဦးရှိကာ၊ ကျန်းမာ ရေး ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ(၉၃၀)ဦးနှင့် သေဆုံးသူ(၃)ဦး ရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မှတ်တမ်းများအရ သိရသည်။
သန်းနိုင်ဦး(ငဖဲ)