နတ်မောက် နိုဝင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက်သည့် အနာဂတ်သားကောင်းရတနာများ ပေါ်ထွန်းလာစေရန်၊ နှစ်စဉ်ကျရောက်လျက်ရှိသည့် နေ့ကြီးရက်ကြီးများအား အစဉ်အောင်းမေ့သတိရစေရန်၊ စာဖတ်စွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်၊ လေ့လာမှုစွမ်းအား ကောင်းစေရန်ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်းနှင့် အမှတ်ပေးစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)နှင့် အခြေခံပညာအလယ်တန်းကျောင်း (တမာပင်)မှ အလယ်တန်းဆင့် ကျောင်းသား/သူများက “ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ တစ်မျိုးသားလုံးညီညွတ်စို့” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသူများအား (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်သည်။
လှဝင်း