ကော့မှူး၌ မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

ကော့မှူး နိုဝင်ဘာ ၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ဝါးဘလောက်သောက်ကျေးရွာ ဒလ-လက်ခုတ်ကုန်း ကားလမ်း မိုင်တိုင်အမှတ်(၂၁/၁)အနီး၌ ယမန်‌နေနံနက် ၁၁ နာရီအချိန်ခန့်က မော်တော်ယာဉ်တစ်စီး လမ်းဘေး ဓာတ်တိုင်အားဝင်တိုက်၍ မီးလောင်မှုဖြစ်ပွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မအိမ်ရာတွင် နေထိုင်သူ မောင်းနှင်သော Suzuki Swift  အဖြူရောင်ယာဉ်ပေါ်တွင် ၄င်း၏သူငယ်ချင်းများအားတင်ဆောင်၍ ကွမ်းခြံကုန်းမြို့နယ် ဆယ်အိမ်တန်း ကမ်းခြေသို့ သွားရောက်ရန် ဒလ-လက်ခုတ်ကုန်းကားလမ်းမ အတိုင်း မောင်းနှင်လာစဉ် အခင်းဖြစ်ရာ နေရာသို့အရောက်တွင် ဆိုင်ကယ်အား တိမ်းရှောင်စဉ် အရှိန်လွန်ကာ လမ်းဘေးရှိ ဓာတ်တိုင်အားဝင်တိုက်မိသဖြင့်် ကားဆီပိုက်ပြုတ်ထွက်ပြီး အင်ဂျင်ပေါ်သို့ ဆီကျ၍ ယာဉ်တစ်စီးလုံး မီးလောင်ကျွမ်းခဲ့ပြီး လူများထိခိုက်မှူမရှိကြောင်း သိရသည်။

အဆိုပါမီးလောင်ရာသို့ ကော့မှူးမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ က မီးသတ်ယာဉ်နှစ်စီးဖြင့် သွားရောက် ငြိမ်းသတ်ခဲ့ပြီး ယာဉ်အားမဆင်မခြင် မောင်းနှင်သူ အား ကော့မှူးမြို့နယ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်းသိရသည်။

ကျော်သူရ (ကော့မှူး)