ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၂၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက် ပိုင်းမှ စ၍ မြို့နယ်ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မြို့နယ်ရပ်ကွက်များအတွင်း နေအိမ်ပြင်ပ ထွက်သူတိုင်း အကာအကွယ် Mask စနစ်တကျ တပ်ဆင်ပါရှိရေးကို အထူးကြပ်မတ်စစ်ဆေးဆောင် ရွက်လျက်ရှိသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ မြို့နယ်အတွင်းရှိ မြို့မဈေး၊ စက်တပ်ရေယာဉ်(သမ္ဗန်ဆိပ်)အနီး၊ ဗဟိုလမ်း၊ ရှုခင်းသာမြို့ပတ်လမ်းနှင့် အခြားနေရာများ တွင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ၊ အကြောင်းအမျိုးမျိုးဖြင့် နေအိမ်ပြင်ပ သွားလာသူများအား ပါးစပ်နှင့် နှာခေါင်းစည်း အကာအကွယ် Mask စနစ်တကျ တပ်ဆင်ပါရှိရေးကြပ်မတ်စစ်ဆေးခြင်းနှင့် အကာအကွယ် Mask မပါရှိသူများအား စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေဆောင်စေပြီး Mask တစ်ခုပေးကာ ချက်ချင်း စနစ်တကျ တပ်စေခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား ပညာပေးပြောကြားခြင်းတို့ကို ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)