ဖောင်းပြင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) အတွက် ကျေးရွာ (၁၀) ရွာ ရွေးချယ်

ဖောင်းပြင် နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနက ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေးလုပ် ငန်းစီမံကိန်း (VDP) ကျေးရွာများရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ အစည်းအဝေး ခန်းမတွင် ပြုလုပ်ရာ စီမံကိန်းကျေးရွာ ဆယ် ရွာကို ရွေးချယ်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ရွေးချယ်ရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးအွမ် တမ်ဟုန်းက ဌာန အနေဖြင့် မြို့နယ်အတွင်း ဖွံ့ဖြိုးရေး ဆောင်ရွက်ထားရှိသော ကျေးရွာ များနှင့် VDP စီမံကိန်း ကျေးရွာများရွေးချယ်ရာတွင် ပါဝင်ရမည့် အချက်များကို ရှင်းလင်း ပြောကြားပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ စီစစ်ရွေးချယ်ပေးခဲ့ကြသည်ဟု သိရ သည်။

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (Village Development Project)အတွက် ကျေးရွာ တစ်ရွာလျင် နိုင်ငံတော်က ငွေကျပ် သိန်းတစ်ရာထောက်ပံ့ပေးပြီး ကျေးရွာနေ ပြည်သူ များက ဖွံ့ဖြိုးရေးလုပ်ငန်းကို ပိုမိုဆောင်ရွက်နိုင် ရန် ငွေအားသော်လည်းကောင်း၊ လုပ်အား သော်လည်းကောင်း ဖြည့်စွက်လုပ်ဆောင် ရမည့် စီမံကိန်းဖြစ်ကြောင်း အဆိုပါဌာနမှ သိရ သည်။

ကိုထွန်း(ဖောင်းပြင်)